နိုင်ငံနှင့်ပြည်သူငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရက်ပေါင်း ၁၀၀

နိုင်ငံနှင့်ပြည်သူငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရက်ပေါင်း ၁၀၀


Ministry of Information/ Naypyitaw / April 21, 2026
image_latest


အစိုးရအဖွဲ့သစ်စတင်တာဝန်ယူသည့် ပထမဆုံးရက် ၁၀၀ တွင် ထွက်ပေါ်လာသည့်ရလဒ်များက ယင်းအစိုးရ၏ စွမ်းဆောင်နိုင်စွမ်းကို အကဲဖြတ်နိုင်သည်ဟုဆိုကြသည်။ သို့ရာတွင် ယင်းအဆိုသည် ဒီမိုကရေစီစနစ် အခြေတကျစွဲမြဲရှင်သန်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးပြီးသည့် နိုင်ငံများတွင် ပီပီပြင်ပြင်ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံမျိုးအဖို့မူ လတ်တလောရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများက ရက် ၁၀၀၀ စာမက ရှိနေသည်။ မည်သို့ပင်ဆိုစေ နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပြည်သူလူထုသိရှိစေရန် ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်သည်။

အစိုးရအဖွဲ့သစ် ပထမဆုံး ရက်ပေါင်း ၁၀၀ ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းများ၏ ထိပ်ဆုံးတွင် ငြိမ်းချမ်းရေးက ဦးစားပေး၏ ဦးစားပေးအဖြစ်ရှိနေသည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ရာ အားလုံး ကို စာရင်းချုပ်လိုက်မည်ဆိုလျှင် နိုင်ငံအတွက်၊ ပြည်သူအတွက် အကျိုးစီးပွားဘာတစ်ခုမှမဖြစ်။ မဖြစ်သည့်အပြင် မြို့ပျက်၊ ရွာပျက်၊ မိသားစုဘဝများပျက်ကြသည်။ နိုင်ငံနှင့် ပြည်သူတို့ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုကြီးမားသည်။ အဆိုပါနှစ်များအတွင်းကလည်း နိုင်ငံကို တာဝန်ယူထားရသည့် အစိုးရက ငြိမ်းချမ်းရေးအတွက် အလေးအနက်ထားကာ ခေါ်ယူမှုများရှိခဲ့သည့်တိုင် လက်နက်ကိုင်အဖွဲ့များက နိုင်ငံ၏ မတည်ငြိမ်သည့် အခြေအနေပေါ်မှ အမြတ်ထုတ်ရန်၊ ပွဲလန့်တုန်းဖျာခင်းရန်သာ အားထုတ်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများတည်ထောင်ပြီး အကျိုးစီးပွားကြီးကြီးမားမားရှာဖွေရရှိနိုင်မှုများကြောင့် ငြိမ်းချမ်းရေးအပေါ် ပြက်ရယ်ပြုမှုများကို ပေါ်ပေါ်ထင်ထင်တွေ့ရှိရသည်။

ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ခံရသည့် အစိုးရအနေဖြင့်မူ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထု၏ လိုလားချက်ဆန္ဒများကို တတ်စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးကြရမည်ဖြစ်သည့်အလျောက် ရက် ၁၀၀ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများတွင် ငြိမ်းချမ်းရေး ကို ပထမထားရှိခြင်းမှာ မှန်ကန်သည့်ဆောင်ရွက်ချက်ပင်ဖြစ်သည်။ “.... ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့ မရဘူး။ ငြိမ်းချမ်းရေး လုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့ကတည်ဆောက်ရေး လုပ်ငန်းလုပ်သွား နောက်ကအဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင်မွေးရင်း၊ ကျားစားရင်းဆိုသလို ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့ အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော် အနေနဲ့လည်း လုပ်ရမှာတွေရှိလာပါလိမ့်မယ်ဟူ၍ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံရေးကို အကြောင်းပြု၍ လက်နက်စွဲကိုင်တိုက်ခိုက်မှုများ အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုနိုင်ရန် အစိုးရက လမ်းများဖွင့်ပေးထားရာ နိုင်ငံရေးမှန်လျှင် ဆွေးနွေးနိုင်ကြရမည်ဖြစ်သည်။ ယခင်က လက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို ဝိနည်းလွတ်ရုံ ဝတ်ကျေဝတ်ကုန်မျှ ပြုလုပ်ကာ ဆွေးနွေးပွဲပျက်ရေးအတွက် မတန်တဆဈေးခေါ်သလို တောင်းဆိုမှုများမှာမူ စကတည်းကပင် ပြေလည်လိုသည့် စေတနာပါမလာခဲ့ခြင်းကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာသည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုလိုလားသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့အား ရက်ပေါင်း ၁၀၀ အတွင်း လက်ကမ်းကြိုဆိုနေပြီဖြစ်သည်။ ရက်ပေါင်း ၁၀၀ နောက်ဆုံးနေ့သည် ဇူလိုင်လ ၃၁ ရက်နေ့ဖြစ်သည်။

မိမိတို့နိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းများမှာ များပြားလှသည်။ အချို့ EAO များဆိုလျှင် သက်တမ်းများစွာ ရှည်လျားလှပြီ ဖြစ်သည်။ ၎င်းအဖွဲ့အစည်းများမှ သက်ကြီးပိုင်း ပုဂ္ဂိုလ်တို့အနေဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းက အောင်မြင်မှုမရရှိသည့်အပြင် ဒေသနှင့် ပြည်သူဖွံ့ဖြိုးတိုးတက်မှုကို နိမ့်ကျစေကြောင်း ကောင်းစွာ သိရှိနားလည်ကြသည်။ လက်ရှိပြည်တွင်း၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို အားပေးအားမြှောက် ပြုနေကြသူများ မှာ ယင်းပဋိပက္ခများတွင် အကျိုးစီးပွားရှိနေသူများဖြစ်ကြပြီး ပဋိပက္ခနယ်မြေများအတွင်း ရှိနေကြသော ပြည်သူများ၏ လူမှုဒုက္ခအဝဝတို့ကို မျက်ကွယ်ပြုထားကြသူများဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ဦးထိပ်ထားကာ နိုင်ငံရေးကို နိုင်ငံ ရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြရန် ရက်ပေါင်း ၁၀၀ အတွင်း နိုင်ငံတော်၏ ဖိတ်ခေါ်လက်ကမ်းကြိုဆိုမှုဆီသို့ ငြိမ်းချမ်းရေးစိတ်ဓာတ်ဖြင့် ဝင်ရောက်နိုင်ကြပါစေကြောင်း။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026