ပြည်တွင်းရေးစွက်ဖက်မှုကို လက်မခံ အာဆီယံအခြေခံမူလေးစားလိုက်နာ

ပြည်တွင်းရေးစွက်ဖက်မှုကို လက်မခံ အာဆီယံအခြေခံမူလေးစားလိုက်နာ


Ministry of Information/ Naypyitaw / February 17, 2026
image_latest


လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သည့်နိုင်ငံနှစ်နိုင်ငံကို တွေ့ရမည်ဖြစ်သည်။ အလွန်ဝေးလံသည့် အာဖရိကတိုက်မှ နိုင်ငံငယ်လေးတစ်နိုင်ငံနှင့် မကြာသေးမီကာလက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် လျှောက်ထားမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် ဆောင်ရွက်ပေးခဲ့သော အရှေ့တောင်အာရှဒေသတွင်းမှ တီမောလက်စ်တေနိုင်ငံငယ်လေးတစ်နိုင်ငံ ဖြစ်သည်။

တီမောလက်စ်တေအစိုးရအနေဖြင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တီမောလက်စ်တေသည် ၎င်း၏ပြုခဲ့သည့်ကတိကဝတ်များနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တီမောလက်စ်တေသမ္မတက မြန်မာ့တပ်မတော် အရာရှိကြီးအချို့အပေါ် တရားစွဲဆိုခဲ့သည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများအား ဇန်နဝါရီ ၁၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။

မကြာသေးမီကမှ အာဆီယံအဖွဲ့ဝင်ဖြစ်လာသည့် နိုင်ငံ၏အကြီးအကဲတစ်ဦးက အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့်အခြေခံမူများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ဇန်နဝါရီ ၁၆ ရက်တွင်ဆင့်ခေါ်၍ အဆိုပါအပြုအမူကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင်ပြန်လည်ပေးပို့ရန် တောင်းဆိုခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဇန်နဝါရီ ၂၉ ရက်က တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်သဘောထားကို ထပ်မံအသိပေးခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုယိုယွင်းသွားစေနိုင်သည့် အရေးကိစ္စများအား ရှောင်ရှားနိုင်ရေးအတွက် ဖြေရှင်း ချက်တစ်ရပ်ကို တရားဝင်ပေးပို့ရန် ထပ်မံတောင်းဆိုခဲ့ရာ တီမောလက်စ်တေဝန်ကြီးက ဖြေရှင်းချက်ကို တစ်ပတ်အတွင်းပေးပို့မည်ဟု ကတိပြုခဲ့သည်။ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေစဉ်ကာလအတွင်း တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့၏ တရားစွဲဆိုမှုကိုလက်ခံ၍ အမှုကို လေ့လာကြည့်ရှုရန် ဝါရင့်ရှေ့နေတစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်းသတင်းကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။

တရားစွဲဆိုမှုကိုလက်ခံသည့် အလားတူဖြစ်စဉ်မျိုး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်ကမရှိခဲ့ဖူးသဖြင့် အစဉ်အလာနှင့် အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပာယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည့်အပြင် မြန်မာပြည်သူများ၏ နာကြည်းခံပြင်းမှုကိုလည်း ပိုမိုမြင့်တက်စေခဲ့သဖြင့် နောက်ဆုံးတွင် အကျိုးဆက်အဖြစ် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးအပေါ် မလိုလားအပ်သည့် တန်ပြန်ဆိုးကျိုးများကို သက်ရောက်စေခဲ့သည်။

မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေးကောင်းမွန်မှုရှိသော်လည်း တီမောလက်စ်တေသမ္မတသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မကြာခဏဝင်ရောက်စွက်ဖက်နေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆင့်ခေါ်၍ ဗီယင်နာကွန်ဗင်းရှင်းနှင့်အညီ ဖေဖော်ဝါရီ ၂၀ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ပြီး အကယ်၍ တီမောလက်စ်တေအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများအကြား တန်းတူရည်တူရှိရေး၊ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အချုပ်အခြာအာဏာလေးစားရေးနှင့် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ အခြေခံမူများကို လေးစားလိုက်နာရေးစသည့် မူဝါဒများအပေါ်တွင် အခြေပြု၍ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလျက်ရှိပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Posted on Feb 13, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Feb 12, 2026
AnnouncementsExplore more >

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Posted on Feb 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Posted on Feb 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Posted on Feb 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။