ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / April 17, 2026
image_latest


နေပြည်တော် ဧပြီ ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၁၅ ရက် နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov အား သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်၏ စာမျက်နှာသစ်ဖွင့် လှစ်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရုရှားနိုင်ငံ၏ အကြံဉာဏ်၊ နည်းပညာအကူအညီအထောက်အပံ့များရယူ ဆောင်ရွက်သွားလိုသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရေနံနှင့်ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Sergei Tsivilev နှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အကျပ်အတည်းအခက်အခဲများဖြစ်ပေါ်နေချိန်တွင် ရုရှားနိုင်ငံသည် သိသာစွာထိခိုက်မှုမရှိဘဲ ပုံမှန်အနေအထားဖြင့် ရပ်တည်လျက်ရှိသည့်အတွက် ရုရှားနိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအစီအမံများကို များစွာအားကျအတုယူရပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍလုံခြုံရေးနှင့် ဖူလုံရေးတို့အတွက် ရုရှားနိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင်စီမံကိန်းများကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် စွမ်းအင်ကုန်သွယ်မှုအတွက် အရှေ့တောင်အာရှနိုင်ငံများဘက်သို့ တိုးမြှင့်ဆောင်ရွက်လာချိန်တွင် မြန်မာနိုင်ငံ၏တည်နေရာ အနေအထားသည် Energy Hub အဖြစ် အသုံးပြုဆောင်ရွက်သွားရန် အထူးသင့်လျော်ကောင်းမွန်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) မြန်မာနိုင်ငံသို့ ပို့ဆောင်၍ မြန်မာနိုင်ငံမှတစ်ဆင့် ပိုက်လိုင်းများကိုအသုံးပြု၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ဆက်လက်တင်ပို့နိုင်ရေး ဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးဆောင်ရွက်ရန် အထူးသင့်လျော်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးဓာတ် အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စရပ်များကို လျင်မြန်စွာ ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကဏ္ဍတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်အတွက် ဦးဆောင်ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် Energy Hub အနေဖြင့် ဆောင်ရွက်ရန်အတွက် အနေအထားများ ပြည့်စုံကောင်းမွန်သဖြင့် ဆောင်ရွက်သွားလိုပါကြောင်း၊ ရုရှားစွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွှန်လွှာ (MoU) အမြန်ဆုံးရေးထိုးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားကြောင်း ဆွေးနွေးပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban KARA-OOL အား သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားလိုသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများအား ရုရှားနိုင်ငံမှ ရေရှည်သဘောတူညီချက်ဖြင့် ဝယ်ယူနိုင်ရေးအတွက် ခိုင်မာသည့်ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု တည်ဆောက်သွားလိုသည့်ကိစ္စရပ်များ၊ အရင်းအနှီးကြီးမားသည့် စီမံကိန်းများအတွက် ရုရှားနိုင်ငံမှ အထူးသက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေများရယူဆောင်ရွက်နိုင်ပါက စီမံကိန်းလုပ်ငန်းများအား ပိုမိုမြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည့်အခြေအနေကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဒူးမားလွှတ်တော်ဥက္ကဋ္ဌက မိမိတို့အနေဖြင့် စာချုပ်စာတမ်းများပြုလုပ်ရာတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့်ရေနံထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ (MoU) ရေးထိုးနိုင်ခြင်းသည် အလွန်ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဝမ်းသာဂုဏ်ယူမိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီးဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းကို မှာကြားထားပြီးဖြစ်ကြောင်း၊ အဆွေတော်၏ ဆွေးနွေးမှုများကို နိုင်ငံ တော်အကြီးအကဲများထံ တင်ပြပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်လည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရုရှား-မြန်မာ-တရုတ်သုံးနိုင်ငံ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးသည် အလွန်အရေးကြီးသဖြင့် မိမိတို့ဘက်ကလည်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံပြည်သူများ အေးချမ်းသာယာရေးအတွက် မိမိတို့ရုရှားနိုင်ငံအနေဖြင့် လိုအပ်သည့်အကူအညီများပေးအပ်ရန် အသင့်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026