ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဝါးမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဝါးမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
Ministry of Information/ Naypyitaw / April 22, 2026
နေပြည်တော် ဧပြီ ၂၁
နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် ဒေါက်တာအောင်ဇေယျ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး စက်ရုံမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက အွန်လိုင်းမှ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ အင်အားသစ်များနှင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာကြသည့် ဝန်ထမ်းအားလုံးကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ဝန်ထမ်းအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် မိမိတို့၏ အရည်အချင်းများကို အစွမ်းကုန်ထုတ်ဖော်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ကြောင်း၊ ရွေးကောက်ခံအစိုးရ တစ်ရပ်အဖြစ် ကူးပြောင်းဆောင်ရွက်နေပြီဖြစ်၍ နိုင်ငံတော်၏ ယန္တရားလည်ပတ်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများသည် အဓိကမဏ္ဍိုင်ဖြစ်ကြောင်း၊ အစိုးရ၏ အဓိကရည်မှန်းချက်သည် ပြည်သူ့အကျိုးပင်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် ပြည်သူကို လေးလေးစားစားနှင့် အထိရောက်ဆုံး ဝန်ဆောင်မှုပေးကြရန် မှာကြားလိုကြောင်းပြောကြားပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
မွန်းလွဲပိုင်းတွင် ဝါးမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက “ဝါးမှ ချည်ချောထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး စာတမ်းတစ်စောင် ပြုစုတင်ပြရန်” နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ကျင်းပခြင်းဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပညာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးမည်ဖြစ်ပြီး အဖွဲ့အလိုက် ဆွေးနွေးခြင်းပြုလုပ်၍ ရလဒ်များကို ဖော်ထုတ်သွားမည်ဖြစ်ရာ ထိထိရောက်ရောက် ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝါးမှ ချည်ချောထုတ်လုပ်ရေးအတွက် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လိုအပ်သည့် စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝါးမှ ချည်ချောထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးဦးဆန်းဦးက ဝါးသည်လူသားများအတွက် အမျိုးမျိုးအသုံးပြုနိုင်သော သယံဇာတဖြစ်၍ လူသားတို့၏ လူမှုစီးပွားနှင့်နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အပင်မျိုးဖြစ်ကြောင်း၊ ဝါးချည်မျှင်ထုတ်လုပ်မည်ဆိုပါက ဝါးဖိုက်ဘာ အလျားရှည်သည့် ဝါးမျိုးစိတ်ကို ရွေးချယ်အသုံးပြုသင့်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဝါးသယံဇာတထုတ်ယူနိုင်မှု၊ ဝါးအခြေပြုနည်းပညာများ ပံ့ပိုးပေးမည့်အခြေအနေ၊ ဝါးသယံဇာတရေရှည်တည်တံ့နိုင်ရေး ဝါးထုတ်ယူမှုနည်းပညာ၊ ဝါးစိုက်ကွက်များ ထူထောင်ရေးနှင့် ထိန်းသိမ်းရေး၊ ဝါးစိုက်ခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြန့်ဝေခြင်း၊ ဝါးနှင့်စပ်လျဉ်း၍ သုတေသနနှင့် ဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဝါးကုန်ကြမ်းရွေးချယ်မှု၊ ဝါးချည်မျှင်ထုတ်လုပ်နိုင်ရေးအရင်းအမြစ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Apr 20, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026
