ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / July 31, 2025
image_latest


နေပြည်တော် ဇူလိုင် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့်အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့် တက် ရောက်ကြသည်။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံ့တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့မှု

ထိုသို့ ဂုဏ်ပြုတွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်မှာ ၄ နှစ်ခွဲကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသောသာမန်မဟုတ်သည့် အခြေအနေများ၌ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရန် အချိန်ကာလလိုအပ်ချက်များရှိခဲ့၍ တာဝန်ထမ်းဆောင်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ထမ်းဆောင်မှု သက်တမ်းတိုးခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း။

နိုင်ငံတော်တွင် အရေးပေါ်ကာလဖြစ်ပေါ်ခဲ့ခြင်းကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ချိန်တွင်လည်း မညီမျှမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နိုင်ငံရေးပါတီများက မိမိထံသို့အသိပေးပြောကြားခြင်းများကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့ကို အသိပေးခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးချိန်၌လည်း မဲစာရင်းမှားယွင်းနေမှုများကို အချို့ပါတီများအနေဖြင့် မိမိထံအသိပေးပြောကြားခဲ့ကြောင်း၊ ထိုသို့မဲစာရင်းမှားယွင်းမှုများအတွက် တာဝန်ရှိသူများကို စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ်အသိပေး အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဖြစ်ပေါ်လာသည့်အခြေအနေများအရ အကောင်းဆုံး ဆုံးဖြတ်လုပ်ဆောင်ရခြင်းဖြစ်၍ တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အရပ်ဘက်၊ စစ်ဘက်တို့မှ အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသည့်သူများကို အမြန်ရွေးချယ်၍ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးတွင် အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသူများကို တာဝန်ပေးအပ်နိုင်ခဲ့သဖြင့် အစိုးရ၏လုပ်ငန်းယန္တရားများ ကောင်းမွန်စွာဆက်လက်လည်ပတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေကာလတွင် အခက်အခဲနှင့်ပိတ်ဆို့ နှောင့်ယှက်မှုအများအပြားအကြားမှ လုပ်ငန်းများလည်ပတ်အောင် ဆောင်ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ ၄ နှစ်ခွဲကာလသို့ ရောက်ရှိပြီဖြစ်ပြီး နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိ သည့်အခက်အခဲ၊ အကျပ်အတည်းများအားလုံးကို မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းကျော်ဖြတ်နိုင်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း။

နိုင်ငံရေးဆိုင်ရာ

နိုင်ငံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းလိုသည်ဟု ဆန္ဒပြုခဲ့ကြသဖြင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် အုတ်မြစ်ချပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ၁၈၈၆ ခုနှစ် မတိုင်မီကာလများတွင် မြန်မာနိုင်ငံသည် ဘုရင်အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် ဗဟိုဦးစီးစနစ်ဖြင့် သွားခဲ့ခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ရပြီးနောက်ပိုင်းတွင် အောက်မြန်မာပြည်သည် လွှတ်တော် စနစ်ပုံစံဖြင့်သွားခဲ့ရခြင်းဖြစ်ပြီး လွှတ်တော်နှင့်စတင်ထိတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရာတွင် ပါလီမန်စနစ်သို့သွားရန် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိသူများအားလုံးတွင် ဆိုရှယ်လစ်နှင့်ပတ်သက်သည့် အသိများရှိထားကြသည့်အချိန်ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဆိုရှယ်လစ်စနစ်ကိုသွားမည်၊ ဆိုရှယ်လစ်နိုင်ငံထူထောင်မည်ဟု မပါရှိသော်လည်း သမ္မတကြီးစဝ်ရွှေသိုက်၏ လွတ်လပ်ရေးမိန့်ခွန်းတွင် ဆိုရှယ်လစ်စနစ်ကိုသွားမည်ဟု အတိအလင်းဖော်ပြထားသည်ကို တွေ့ရကြောင်း၊ သို့သော်လည်း ဆိုရှယ်လစ်စနစ်ကို မကျင့်သုံးခဲ့ရခြင်းမှာ ၎င်းအချိန်က နိုင်ငံရေးအင်အားစုများ၌ လက်ဝဲယိမ်းသည့်အုပ်စုများ၊ လက်ယာယိမ်းသည့် အုပ်စုများစသည်ဖြင့်ရှိကြကြောင်း၊ ထို့ကြောင့် ပါလီမန်စနစ်သွားခဲ့ရသည်ဟု သုံးသပ်ရကြောင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရပ်ရပ်အရ တော်လှန်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကိုယူခဲ့ရပြီး ဆိုရှယ်လစ်စနစ်ကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးရာတွင် နိုင်ငံရေးအရ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့၍ နိုင်ငံရေးထွက်ပေါက် ပိတ်သွားသူများ၏ မကျေနပ်မှု၊ စီမံကိန်းစီးပွားရေးစနစ်ကြောင့် စီးပွားရေးအရ ထွက်ပေါက်ပိတ်ဆို့သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍများ၌ ပါတီဝင်များကိုသာ ဦးစားပေးမှုများကြောင့် မကျေနပ်မှုများရှိခဲ့ကြောင်း၊ ၎င်းအပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်လာခဲ့ရကြောင်း၊ စနစ်၏အားနည်းချက်ဆိုသည်ထက် လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းချက်ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးပြီးအောင်မြင်နေသည့်နိုင်ငံများလည်း ရှိနေဆဲဖြစ်ကြောင်း။

နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိကအခရာကျသည့် အချက်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ မှောင်ခိုစီးပွားရေးစနစ်ဖြစ်ပေါ်လာခြင်း၊ သယံဇာတများခိုးထုတ်ခံရခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့တင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျ နိုင်ရေးလိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း အစိုးရနှင့်လက်တွဲညီစွာ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍လည်း ၂၀၁၂ ခုနှစ်မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းမှုရရှိနိုင်ရန် အစိုးရနှင့်တပ်မတော်လက်တွဲညီညီ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားညီအစ်ကိုများ အတူတကွပေါင်းစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့၌ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးနိုင်သည်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီစနစ်နှင့် အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ အတိတ်ဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်း ရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ် ကျင့်သုံးစဉ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီစနစ်ကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း။

ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှ များစွာမျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံအားနည်းမှုများ၊ ယခင်အစိုးရ၏လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ် ၂၀၁၅-၂၀၁၆ ခုနှစ် ကာလအတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများမရှိခြင်း၊ နိုင်ငံ၏ ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ လုပ်ဆောင်မှုအားနည်းချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း။

စီးပွားရေးဆိုင်ရာ

စီးပွားရေးပိုင်းနှင့်ပတ်သက်၍ ကုန်သွယ်မှုတွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံ အပိုရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၁၂ ခုနှစ် နောက်ပိုင်း ကုန်သွယ်မှုလိုငွေများသာပြခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိခြင်း၊ ရောင်းကုန်ပစ္စည်းမရှိခြင်းတို့ကြောင့် ကုန်သွယ်မှုလိုငွေပြရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပအကူအညီများနှင့် non-trade မှ ရရှိသည့်ငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ မိမိတို့နိုင်ငံ၌ အလုပ်သေချာ လုပ်ဆောင်ခဲ့ခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ပိုင်ဆိုင်ထားသည့် စိုက်ပျိုးမြေများအပါအဝင် ဖြစ်နိုင်ခြေရှိသည်များကို အကျိုးရှိရှိ စနစ်တကျအသုံးချ နိုင်ခြင်းမရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်များရရှိအောင် ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှုမရှိခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများမရှိပါက ရောင်းကုန်ပစ္စည်းများလည်း ရရှိမည်မဟုတ်ဘဲ ဝင်ငွေရရှိမည်မဟုတ်ကြောင်း၊ ထို့ပြင် သီးထပ်စွမ်းအားပြည့်မီမှုမရှိခြင်းကြောင့်လည်း နိုင်ငံ့ဝင်ငွေလျော့နည်းခဲ့ရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီ မှုမရှိခြင်းနှင့် သီးထပ်စွမ်းအား ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့်လျော့နည်းထိခိုက်နစ်နာလျက်ရှိနေသည်ကို တွက်ချက်မှုများအရ တွေ့ရှိရကြောင်း၊ ယင်းတို့ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ရောင်းကုန်ပစ္စည်းများရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေများ ရှိနိုင်မည်မဟုတ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် နိုင်ငံ့စီးပွားရေး အားနည်းရခြင်းဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးကို ထိထိရောက်ရောက် အားပေးဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း။

ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ

စီးပွားရေးအရ အားနည်းချက်များရှိနေရခြင်းမှာ စီးပွားရေးလုပ်ဆောင်နိုင်မည့် အတတ်ပညာများ အားနည်းရခြင်းကြောင့်ဖြစ်ကြောင်း၊ အတတ်ပညာသည် အတန်းပညာကိုအခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ပညာရေးကိုမဖြစ်မနေ အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ မိမိတို့အနေဖြင့် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး KG+ 9 အထိ မသင်မနေရ ပညာရေးအဖြစ် ရဲရဲဝံ့ဝံ့ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အတန်းပညာအပြင် စည်းကမ်းနှင့်တိုင်းချစ်ပြည်ချစ်စိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များလည်းရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေခဲ့ရသူများအနေဖြင့် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်သူများဖြစ်ကြပြီး ကျောင်းနေခဲ့ရခြင်း မရှိသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းပိုင်းဆိုင်ရာများတွင် အားနည်းချက်များရှိမည်ဖြစ်ကြောင်း။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ အခြေခံ ပညာအဆင့်ကျောင်းနေရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်ရှိနေသည်ကိုတွေ့ရပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မှုမရှိပါက အနာဂတ်တွင် တိုင်းပြည်ဒုက္ခရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့် ပတ်သက်၍ အထူးအလေးထားတွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် နောင်ချိုဒေသ၌ တိုက်ပွဲများမရှိတော့သည့်အတွက် စာသင်ကျောင်းများ အမြန်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရေး အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းလုပ်ဆောင် ခဲ့ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး ယခုချိန်တွင် ကျောင်းသား ကျောင်းသူ ၁၂၀၀ ခန့် ပညာသင်ကြားနေသည်ဟု သိရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ထို့အတူ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အချို့သော စာသင်ကျောင်းများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်မှုမရှိသေး သည့်အတွက် ကျောင်းနေအရွယ်ကလေးငယ်များအနေဖြင့် ထိခိုက်နစ်နာလျက်ရှိကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရလက်ထက် တွင် ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်းအရေအတွက်၊ ပညာရေးဝန်ထမ်းအရေအတွက် ဆိုင်ရာများ လေ့လာဖော်ထုတ်ခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းများတွင် ဆရာဆရာမ ခန့်အပ်ထားမှုများရှိသော်လည်း တက်ရောက်သည့် ကျောင်းသားအရေအတွက်နည်းသည်ကို တွေ့ရှိရသည့်အတွက် အုပ်ချုပ်မှုစရိတ်များပြားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့်တိုင်ပင်ဆွေးနွေး၍ Polytechnic တက္ကသိုလ်များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် Polytechnic တက္ကသိုလ် ၈ ခု ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် ဥပဒေဆိုင်ရာ၊ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ သိရှိရန်လိုအပ်သဖြင့် တက္ကသိုလ်အားလုံးတွင် စီးပွားရေးနှင့်ဥပဒေ ပညာရပ်သင်ကြားပေးနိုင်ရေး BA (Law) နှင့် BA (Eco) ဘွဲ့များ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။

အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာ အလယ်တန်းအဆင့် တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများ ၈၆ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခရိုင်အဆင့်အားလုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကျောင်းများအပြင် ကောလိပ်အဆင့်မှတစ်ဆင့် တက္ကသိုလ်အဆင့်ထိ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အတတ်ပညာနှင့်ပတ်သက်၍ ပညာရေးကိုအခြေခံသည့်အတတ်ပညာများ ဆည်းပူးနိုင်စေရန် လိုအပ်ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်မှု မရှိ အောင်ဆောင်ရွက်ခြင်းနှင့်ဆေးရုံ၊ ဆေးခန်းများမဖွင့်နိုင်အောင်၊ စီးပွားရေး မလုပ်နိုင်အောင် ဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ထိခိုက်စေရန်နှင့်ဒေသခံ ပြည်သူများ၏ဘဝများ ပျက်စီးအောင်ဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးအပေါ် ထိခိုက်ပျက်စီးအောင် နှောင့်ယှက်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အနာဂတ်ဘဝများကို အသိပညာမဲ့စွာ ရိုက်ချိုးဖျက်ဆီးနေမှုများဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားရေးအတွက် ပညာရေးကိုအလေးထားဆောင်ရွက်နေသကဲ့သို့ နောင်လာမည့် အစိုးရသစ် လက်ထက်တွင်လည်း ပညာရေးကို အားပေးဆောင်ရွက်စေရန် တိုက်တွန်းလိုကြောင်း။

လူတိုင်းသည် ကျန်းကျန်းမာမာဖြင့် အသက်ရှည်ကျန်းမာခြင်းကို လိုလားကြကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားနည်းသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အသက်ရှည်ကျန်းမာရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် နေထိုင်စားသောက် မှုပုံစံရှိရန်လိုအပ်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာစားသောက်နိုင်အောင် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးကို အားကောင်းလာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်သူတစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ မိမိတို့နိုင်ငံအတွင်းနေထိုင်သူ လူဦးရေ ၅၁ ဒသမ ၃ သန်း ကျော်ခန့်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ ပြည်ပ၌အလုပ်လုပ်ကိုင်နေသူ ၃ ဒသမ ၄ သန်း ခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း၊ ၎င်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြကြောင်း၊ ကျေးလက်နေသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက နိုင်ငံ့စီးပွား ရေးသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်စီးပွားရေး မြှင့်တင်ရေးကို အလေးပေးဆောင်ရွက်ခဲ့ပြီး နောင်တွင် တာဝန်ထမ်းဆောင်သွားမည့် အစိုးရအနေဖြင့်လည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။

၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အစိုးရအဆက်ဆက် တွင်လည်း နိုင်ငံ၏ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်များရှိကြောင်း၊ သို့ဖြစ်၍ လက်တွေ့ကျသည့်လုပ်ငန်းမှာ ကျေးလက်စီးပွားရေး မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် မိမိတို့အစိုးရ လက်ထက်တွင် တွန်းအားပေးဆောင်ရွက်ခဲ့သကဲ့သို့ အစိုးရသစ်လက်ထက်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတို့သည် မိမိတို့နိုင်ငံ ရေမြေသဘာဝနှင့် ကိုက်ညီသည့်မွေးမြူရေးလုပ်ငန်းများဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ဆန်အဓိကထား စားသုံးသော်လည်း စားသောက်မှုပုံစံပြောင်းလဲ၍ ဂျုံကိုလည်း တွဲဖက်စားသုံးသင့်ကြောင်း၊ လက်ရှိ ကမ္ဘာ့နိုင်ငံအများစုတွင်လည်း ဂျုံကိုပြောင်းလဲစားသုံးလာကြသည်ကို တွေ့ရကြောင်း၊ ပြည်ပမှ ဂျုံတင်သွင်းမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၅ သိန်းခန့်ရှိသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် ဂျုံစိုက်ပျိုးမှုအနေဖြင့် ဧကပေါင်း ၁ ဒသမ ၃ သိန်း စိုက်ပျိုးလျက်ရှိပြီး ဂျုံလိုအပ်ချက် တန်ချိန် ၅ သိန်းရရှိရေးအတွက် ဆိုပါက စိုက်ပျိုးဧက ၆ သိန်းနီးပါး ထပ်မံစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးရေးအတွက် တောင်သူများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုအနေဖြင့် လက်ရှိအချိန်တွင် ဧက ၅ သိန်း ခန့် စိုက်ပျိုးနေကြောင်း၊ ပြည်တွင်း ဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပိုလျှံသည်များကိုလည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးနိုင်ခြင်းကြောင့် ဝါကိုအခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ဝါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် နှစ်စဉ်ဝါးတန်ချိန် များစွာထွက်ရှိနေသဖြင့် ဝါးကို အခြေခံသည့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် စက္ကူ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက များစွာအသုံးဝင်သည့်အတွက် ကြိုးစားလုပ်ဆောင် စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့်အရင်းအမြစ်များ များစွာရှိပြီး အမှန်တကယ် အလုပ်လုပ်၍ အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးအတွက်မှာ အစိုးရမှဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ရေရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြစ်ရေတင်စီမံကိန်းအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ဆိုလာစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေ ၆ ဒသမ ၃၉ သန်း ဧကမြေနေရာများတွင် သီးထပ်စိုက်ပျိုးနိုင်ပါက ရွှေပုံပေါ်တွင် ထိုင်နေသည့်တိုင်းပြည်အဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်မည်ဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း။

မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ၄ နှစ်တာကာလအတွင်း လုပ်ငန်းရပ်များအားလုံးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သည်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ်က ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင် စွန့်ခွာမှု DCS လုပ်ဆောင်မှုများရှိခဲ့သဖြင့် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲအကျပ်အတည်းများကြားမှ ယနေ့အခြေအနေသို့ ပြန်လည်ရောက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြပြီး ယင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ်ကောင်းကို ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး

နိုင်ငံရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် လွှတ်တော်အတွေ့အကြုံများအရ လွှတ်တော်နှင့်ပတ်သက်၍ ယခုထက်ပိုမိုစနစ်တကျဖြစ်သင့်သည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိကြောင်း၊ လွှတ်တော်သည် ဥပဒေပြုသည့်သူများ၏နေရာဖြစ်သဖြင့် အခြေခံအားဖြင့် ပညာရေးကောင်းမွန်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းမွန်သည့်သူများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေပြင်ဆင်ချက်များကို လည်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲပေးနိုင်ရန် အခက်အခဲရှိသူများအတွက်လည်း ကြိုတင်မဲများပေးနိုင်ရေးအတွက်လည်း ဥပဒေထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏အကျိုးအတွက် မဲပေးပိုင်ခွင့်ရှိသူများအားလုံး အမှန်တကယ်မဲပေးကြရန်အတွက်လည်း တာဝန်ရှိသူအဆင့်ဆင့်မှ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း၊ အားလုံးဝိုင်းဝန်းကူညီကြိုးစား၍ တိုက်တွန်းစည်းရုံးဆောင် ရွက်ပေးရန်လိုကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏တာဝန်ဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး၊ ရွေးကောက်ပွဲအား မလိုလား၍ ဖျက်ဆီးမည့်သူများအန္တရာယ်မှ ကာကွယ်တားဆီးပေးနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ကာကွယ်တားဆီးပေးနိုင်ရန်အတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန်ပေးအပ်ဆောင်ရွက်ခြင်း၊ လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပြီး ဆောင်ရွက်ခြင်း၊ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းများရှိသော်လည်း ၎င်းတို့ဖြင့်မလုံလောက်ဘဲ ပြည်သူလူထုတစ်ရပ်လုံးမှလည်း တတ်စွမ်းသရွေ့ဝိုင်းဝန်းကူညီ ကြိုးစားပူးပေါင်းဆောင်ရွက်ပေးမှသာလျှင် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့မျှော်မှန်းထားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄ နှစ်ကျော်ကာလတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ “ကျွန်တော်တို့ ဒီကာလပေါ့၊ ၄ နှစ်ခွဲတာကာလအတွင်းမှာ လုပ်ငန်းအရပ်ရပ် အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေအနေမျိုးဖြစ်လာ တဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်၊ နောင်မှာလည်း ဆက်လျှောက်ရမယ့်ခရီးစဉ်တွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲအောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော်တိုက်တွန်းလိုပါတယ်၊ ဆက်လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ရှေ့ခရီးကတော့ အများကြီးကျန်ပါသေးတယ်၊ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်၊ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာ အစကို ကျွန်တော်တို့ သွားတာပေါ့၊ ဒုတိယစာမျက်နှာအစမှာ ကျွန်တော် တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေး နဲ့ရေးပြီးတော့မှ အောင်မြင်အောင်ဆောင်ရွက်ပေးနိုင် မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ အားလုံးပဲအစစအရာရာ အောင်မြင်တိုးတက်ကြပါ စေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်” ဟု ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာကြသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာသုံးဆောင် နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025
AnnouncementsExplore more >

ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

Posted on Jul 31, 2025

ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 31, 2025

စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 31, 2025

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း