၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / December 29, 2025
နေပြည်တော် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် အပိုင်း(၁)ရွေးကောက်ပွဲသို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်ဦးမျိုးလှိုင်၊ ဖိတ်ကြားထားသည့် ဒုတိယဝန်ကြီးများ၊ ရွေးကောက်ပွဲလာရောက်စောင့်ကြည့်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဒီမိုကရေစီတန်ဖိုး ပေါ်လွင်ထင်ဟပ်စေ
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့သည် မိမိတို့နိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် အရေးကြီးသည့် မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိမဲပေးပိုင်ခွင့်ကို အသုံးပြုပြီး ဆန္ဒထုတ်ဖော်ပြသနေကြသည့် ရွေးကောက်ပွဲအပိုင်း(၁) ပြီးဆုံးသည့်နေ့ပင်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခြင်းတစ်ခုတည်းအတွက် မဟုတ်ပါကြောင်း၊ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်မှု၊ လွတ်လပ်မှုနှင့်တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် ဒီမိုကရေစီ၏တန်ဖိုးများကို ပေါ်လွင်ထင်ဟပ် စေခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အဆွေတော်တို့ စုပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှုများကို ချီးကျူးမှတ်တမ်းတင်သည့်အနေဖြင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲကျင်းပသည့်လုပ်ငန်းစဉ်တစ်လျှောက် ဘက်မလိုက်ဘဲ စောင့်ကြည့်လေ့လာခဲ့ကြသည့် အဆွေတော်အားလုံးကို မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုပါကြောင်း၊ အဆွေတော်တို့၏ စောင့်ကြည့်လေ့လာမှုများသည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု တို့ကို ခိုင်မာစေရုံသာမက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် ရွေးကောက်ပွဲတွင် ပါဝင်သူအားလုံးအတွက် ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ကောင်းမွန်သည့်အရွေ့တစ်ခုဖော်ဆောင်နိုင်မည်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များ၊ လုံခြုံရေးဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့သူများ၊ နိုင်ငံရေးပါတီများ၊ အထူးသဖြင့် နိုင်ငံသားတစ်ဦး၏ တာဝန်သိစိတ်ဖြင့် လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုးစားအားထုတ်မှု များကိုလည်း အဆွေတော်တို့ မျက်ဝါးထင်ထင် မှတ်ကျောက်တင်နိုင် ခဲ့ပြီဟုလည်း ယူဆပါကြောင်း၊ မိမိတို့နိုင်ငံ၏ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် အဆွေတော်တို့၏ ကောင်းမွန်သည့်လေ့လာတွေ့ရှိ ချက်များနှင့် အကြံပြုချက်များကိုလည်း စောင့်မျှော်နေမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့်အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေတင်ဆင်မှုများအပြီးတွင် အနုပညာဦးစီးဌာနအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Posted on Dec 28, 2025ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Posted on Dec 28, 2025ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Posted on Dec 28, 2025ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
