စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / November 08, 2023
image


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/၂၀၂၃ အရ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ကျင့်သုံးရမည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရစစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးကချမှတ်သည့်စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကိုစစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများအပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆၁/၂၀၂၃)၊ (၉၆၂/၂၀၂၃)၊ (၉၆၃/၂၀၂၃)၊ (၉၆၄/၂၀၂၃)၊ (၉၆၅/၂၀၂၃) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၉၇၃/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။

၁။ အမိန့်ကြော်ငြာစာအမှတ် (၉၆၁/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဂ) နှင့် (င) တို့အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-

(က) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၅၉ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများ

(ခ) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပုဒ်မ ၆၈ အရ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထားမှုများ။

၂။ အမိန့်ကြော်ငြာစာအမှတ် (၉၆၂/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဂ) အရ အောက်ဖော်ပြပါ တရားရုံးများအား ယင်းဥပဒေအရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ ရာဇဝတ်မူလမှု စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-

(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး

(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ

(ဂ) ခရိုင်တရားရုံးများ

၃။ အမိန့်ကြော်ငြာစာအမှတ် (၉၆၃/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များအား မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ခရိုင်တရားရုံးများက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရချမှတ်ခဲ့သည့် ရာဇဝတ်ဆိုင်ရာစီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။

၄။ အမိန့်ကြော်ငြာစာအမှတ် (၉၆၄/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဂ) အရ ကျောက်တံတားခရိုင်တရားရုံးအား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ တရားမ မူလမှုစီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-

(က) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပါ မူပိုင်ခွင့်အခွင့်အရေးချိုးဖောက်ခြင်းနှင့်စပ်လျဉ်းသည့် တရားမကြောင်းအရ စွဲဆိုမှုများ၊

(ခ) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၃ (က) အရ ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားမှုများ။

၅။ အမိန့်ကြော်ငြာစာအမှတ် (၉၆၅/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဃ) အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အား မူပိုင်ခွင့်တရားရုံးက တရားမမှုများတွင် ချမှတ်သော စီရင်ချက်အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ်အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။

၆။ အမိန့်ကြော်ငြာစာအမှတ် (၉၇၃/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေပုဒ်မ ၁၀၁ ပုဒ်မခွဲ(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။