ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / November 05, 2021


ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း

ဥပဒေ၊ နည်းဥပဒေများနှင့်အညီ

စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာခြင်း

 ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေ သူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေး ဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို အမျိုးသား စာကြည့်တိုက်၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေး ကော်မတီများသို့ ခွဲဝေပေးပို့ လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများစာရင်း တွင်လည်း ရေးသွင်း ထားပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

သို့ပါ၍ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(က)ပါ ပြဋ္ဌာန်းချက်များအရ ထုတ်ဝေသူသည် မိမိ ထုတ်ဝေသော ထုတ်ဝေစာ ၆ အုပ် သို့မဟုတ်၆ စောင်ကို ဖြန့်ချိသည့် နေ့ရက်မှစ၍ ၇ ရက်အတွင်း ပုံနှိပ်သူထံပေးအပ်ပြီး ပုံနှိပ်သူသည် ၁၄ ရက်အတွင်း ပုံစံ ၁၁ ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့် နှင့် မှတ်ပုံတင်ဌာနခွဲသို့ မပျက်မကွက် ပေးအပ်ကြပါရန် အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန