မမှန်ကန်သောရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များပြောဆိုရေးသား၊ ဖြန့်ချိ၊ ထုတ်လွှင့်ခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / November 09, 2020


 

၁။         ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် ၆၀ နှစ် နှင့်အထက် အသက်အရွယ်ရှိ မဲဆန္ဒရှင်များထံမှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် သတ်မှတ်ချက်များနှင့် အညီ ကြိုတင်ဆန္ဒမဲများ ရယူလျက် ရှိပါသည်။

၂။         ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် တွေ့ကြုံလာရသော အခက်အခဲများ၊ အဆင် မပြေမှု များကို သက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများက အပြု သဘောဆောင်၍ မှန်ကန်စွာ ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးနေကြသည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျေးဇူးတင်ရှိပါ သည်။

၃။         သို့ရာတွင် အချို့သောနိုင်ငံရေးပါတီများနှင့် အချို့သောနိုင်ငံရေးပါတီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ထိုသို့ ကြိုတင်ဆန္ဒမဲများရယူခြင်းကိစ္စနှင့် စပ်လျဉ်း၍ တွေ့ကြုံ နေရသည်ဟုဆိုကာ သတင်း အချက် အလက်များကို ပြောကြားခြင်း၊ ရေးသား ထုတ်ဝေခြင်း၊ Online မှတစ်ဆင့် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ပြောကြား ထုတ်လွှင့်ခြင်း များ ပြုလုပ်လျက်ရှိပါသည်။

၄။         ထိုသို့ ပြောဆို၊ ရေးသား၊ ထုတ်လွှင့်လျက်ရှိသော သတင်းအချက်အလက်များတွင် မှန်သော သတင်း အချက်အလက်များ ပါရှိသကဲ့သို့ မဟုတ်မမှန်သော သတင်းအချက် အလက်များ၊ ချဲ့ကားထားသော သတင်း အချက်အလက်များ၊ မှန်ကန်သော အချက်အလက်များကို ဖုံးကွယ်၍ မဲဆန္ဒရှင်ပြည်သူများ ထင်ယောင် ထင်မှားဖြစ်စေသည့် သတင်းအချက်အလက်များ၊ ကိုယ်တိုင်တိုက်ရိုက်သိရှိခြင်းမရှိဘဲ ထပ်ဆင့်ကြားသိရချက် အပေါ် အခြေပြုထားသော သတင်းအချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိနေရ ပါသည်။

၅။         မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသော သတင်းအချက် အလက်များကို ပြောဆို၊ ရေးသား၊ ဖြန့်ချိခြင်းများ ပြုလုပ်ခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက် သည့်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) တွင် ပြဋ္ဌာန်းထားချက်နှင့် ငြိစွန်းပါကြောင်း အသိပေး ထုတ်ပြန်ကြေညာအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်