မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်မဟုတ်


Ministry of Information/ Naypyitaw / April 08, 2024
image


၂ဝ၂၄ ခုနှစ် ဧပြီလ ၈

မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့်မျိုးစုံမှ ဖိအားပေးခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့၌ ၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို ဆွေးနွေးခဲ့သည်။

ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ဧပြီလ ၅ ရက်အထိကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အပြန်အလှန်ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ်လ ၁ ရက်နှင့် ၁၉ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံကတင်သွင်းသည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်တွင် သက်ဆိုင်ရာမြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ကို တွေ့ရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသော်လည်း နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်တကျကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးနှင့်ပတ်သက်၍လည်း လိုအပ်သူများထံ အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်း၌ ကုလသမဂ္ဂအဖွဲ့အစည်း ၁၆ ဖွဲ့၏ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိသောစာရင်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၌ နိုင်ငံခြားသားဝန်ထမ်း ၁၃၀ ကျော်၊ ပြည်တွင်းခန့်ဝန်ထမ်း ၁,၆၀၀ ခန့်အပါအဝင် ဝန်ထမ်းစုစုပေါင်း ၁,၇၀၀ ကျော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ၏သံရုံးများကို မြေပြင်လုံခြုံရေးအခြေ အနေပေါ်မူတည်၍ ခရီးသွားရောက်ခွင့်ပြုခဲ့သည်။ လွန်ခဲ့သောသုံးနှစ်အတွင်း အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့် အကြိမ် ၁,ဝဝဝ ကျော်နှင့် မြန်မာနိုင်ငံအခြေစိုက်သံရုံးများအား အကြိမ် ၆ဝ ကျော် ခွင့်ပြုခဲ့သည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများအား စုစုပေါင်းအကြိမ် ၂၅ဝ ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား အကြိမ် ၃၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၏ အစီရင်ခံစာအချို့နှင့် သတင်းထုတ်ပြန်ချက်အချို့တွင် အလေးပေးထားသည့် သွားလာခွင့်ငြင်းပယ်ခံရကြောင်း ဖော်ပြချက်များမှာ အခြေအမြစ်မရှိကြောင်း အတိအလင်းဖော်ပြလိုသည်။

ထို့အပြင် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂဘက်မှ အဆင့်မြင့်အရာရှိကြီးများ၏ အဆိုပြု ခရီးစဉ်များကို ညှိနှိုင်းပေးခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ Under-Secretary-General နှင့်ကုလသမဂ္ဂဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ Under-Secretary-General တို့၏ခရီးစဉ်များအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၏ ခရီးစဉ်စုစုပေါင်း ၁၉ ခုကို ညှိနှိုင်းပေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများကိုများနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ စိစစ်ပြီးနေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံရန်အသင့်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြည့်အဝကတိကဝတ်ပြုဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကိုမစတင်နိုင်သေးခြင်းမှာ ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေးအခြေအနေများကြောင့်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံကိုဦးတည်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဌာန်ကျသောအစီရင်ခံမှု၊ အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုရုံသာမက ကုလသမဂ္ဂ၏ အခြေခံမူများဖြစ်သည့် သမာသမတ်ကျမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ရွေးချယ်မဆောင်ရွက်မှုတို့နှင့် ဆန့်ကျင်နေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်သည်။ သို့ဖြစ်ရာ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေဖြင့် . ပြတ်သားစွာခြွင်းချက်မရှိပယ်ချလိုက်သည်။ မြန်မာအစိုးရအနေဖြင့် ဆွေးနွေးမှုများအတွင်း မျှတစွာရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသောနိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ယခင်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်အား ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး လုပ်ပိုင်ခွင့်ပါဝင်သော ဆုံးဖြတ်ချက်အဆိုအပါအဝင် နိုင်ငံတစ်နိုင်ငံအပေါ် အရေးယူပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုများကို လက်မခံဘဲပယ်ချသော်လည်း ကုလသမဂ္ဂနှင့်အပြုသဘောပူပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် ယခင်အထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်။ ယခု မစ္စဂျူလီဘစ်ရှော့ပ်အား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဘက်က မြန်မာအစိုးရအား တရားဝင်အသိပေးအကြောင်းကြားမှုမရှိခဲ့ကြောင်း ဖော်ပြအပ်သည်။

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ်ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည်မဟုတ်ကြောင်း၊ အချင်းချင်းနားလည်မှု၊ လေးစားမှုနှင့်အပြန်အလှန် ထိတွေ့ဆောင်ရွက်မှုတို့မှတစ်ဆင့်သာ လက်တွေ့ကျ၍အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဖြစ်ကြောင်း အလေးထားဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန