SIM Card များကို စနစ်တကျမှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း


Ministry of Information/ Naypyitaw / October 09, 2023
image


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၈ /၂၀၂၃)

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်

(၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

SIM Card များကို စနစ်တကျ မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုလျက်ရှိသည့် သုံးစွဲသူများကို အကာအကွယ်ပေးနိုင်ရန် မိုဘိုင်းဆက်သွယ်ရေးစနစ်ကိုအခြေခံသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ e-commerce လုပ်ငန်းများနှင့်စပ်လျဉ်း၍ သုံးစွဲသူများကို လိမ်လည်မှုများမှကာကွယ်ပေးနိုင်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ရာတွင် အထောက်အကူပေးနိုင်ရန်တို့အတွက် ရည်ရွယ်ပြီး မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများမှ SIM Card ရောင်းချရာတွင် လိုက်နာရမည့်အမိန့်နှင့် ညွှန်ကြားချက်များအား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

၂။ သို့ရာတွင် ယခုအခါ မိုဘိုင်း SIM Card များအား ညွှန်ကြားချက် နှင့်အညီ မှတ်ပုံတင်ခြင်းမပြုဘဲ SIM Card အရောင်းဆိုင်များ၊ မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales (POS)များ၊ မိုဘိုင်း Hand Set အရောင်းဆိုင်များအပြင် ဈေးများနှင့်လမ်းဘေးဆိုင်များတွင်လည်းကောင်း၊ Online တွင်လည်းကောင်း ဆက်လက်၍ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုသို့ SIM Card များအား စနစ်တကျမှတ်ပုံတင်ခြင်းမပြုဘဲ ဝယ်ယူသုံးစွဲနိုင်ခြင်းကြောင့် ဝယ်ယူအသုံးပြုမည့် အများပြည်သူများအနေဖြင့် အဆိုပါ SIM Card နှင့် ချိတ်ဆက် အသုံးပြုလျက်ရှိသည့် ငွေကြေးဝန်ဆောင်မှုများသာမက အခြားသော Online ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်မှုခံရနိုင်သည့်အပြင် ရာဇဝတ်မှုများကို နှိမ်နင်းနိုင်ရန်အတွက် ဥပဒေနှင့်အညီ စုံစမ်းမှုများပြုလုပ်ရာတွင်လည်း အခက်အခဲများရှိလာပါသည်။ ထို့အပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို အသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်ပေါ်မှ ရာဇဝတ်မှုများ၊ အကြမ်းဖက်လုပ်ဆောင်မှုများနှင့် ခြိမ်းခြောက်အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ်လာကြသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာပါသည်။ ထို့ကြောင့် SIM Card များကို စနစ်တကျမှတ်ပုံတင် ၍ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၊ ၎င်းတို့နှင့်တရားဝင်စာချုပ် ချုပ်ဆိုထားသည့် အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များသာမက အများပြည်သူများအပါအဝင် မည်သူမဆို သိရှိလိုက်နာရန် လိုအပ်လာပါသည်။

၃။ သို့ဖြစ်ပါ၍ မိုဘိုင်း SIM Card များ ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် -

(က)    မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် တရားဝင်စာချုပ် ချုပ်ဆိုထားသည့် အရောင်းကိုယ်စား လှယ်များနှင့်အရောင်းဆိုင်(Points Of Sales)များသည် Customer Registration ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်။ ထိုသို့ရောင်းချ မှုတွင် အသစ်ထုတ်ဝေရောင်းချမည့် SIM Card ဖြစ်စေ၊ လက်ရှိဖြန့်ဝေထားသည့် SIM Card ဖြစ်စေ အကျုံးဝင်စေရမည်။

(ခ)     မည်သူမဆို မှတ်ပုံတင်ထားခြင်းမရှိသည့် သို့မဟုတ် လိမ်လည်၍ မှတ်ပုံတင်ထားသည့် သို့မဟုတ် Customer Registration ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင် ထားခြင်းမရှိသည့် SIM Card များကို ရောင်းချခြင်းမပြုရ။

၄။ မည်သူမဆို Customer Registration ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ထားသည့် SIM Card ကို တစ်ဆင့်လွှဲပြောင်းရာတွင် ရယူအသုံးပြုသူ၏ အချက်အလက်အမှန်ဖြင့် Customer Registration ညွှန်ကြားချက်များနှင့်အညီ ပြန်လည်မှတ်ပုံတင်ရမည်။

၅။ မည်သူမဆို အပိုဒ် ၃ နှင့် အပိုဒ် ၄ ပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ အရေးယူခြင်းခံရမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန