SIM Card များ စနစ်တကျ မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / March 13, 2023
image


၁။ ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database တွင်ရှိသော အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်မမှန်သော နိုင်ငံသားစိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ်သုံးစွဲသူများထံ ရက်ပေါင်း(၃၀)အတွင်း မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို(SMS)များ ပေးပို့သွားမည်ဖြစ်ပါသည်။ အသိပေးစာတို(SMS)များရရှိပြီး ရက်ပေါင်း (၃၀)အတွင်း နိုင်ငံသားစိစစ်ရေးကတ်အမှန်ဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များအား One Way Block (အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနှင့် ဒေတာအသုံးပြုမှု ရပ်ဆိုင်းခြင်း) ဆောင်ရွက်မည်ဖြစ်ပြီး၊ ထိုသို့ One Way Block ဆောင်ရွက်ထားသည့် အချိန်မှစ၍ ရက်ပေါင်း(၉၀)အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့် လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များအား အပြီးပိတ်သိမ်းသွားမည် ဖြစ်ပါသည်။

၃။ ထို့ကြောင့် ဆင်းကတ်သုံးစွဲသူ ပြည်သူများအနေဖြင့် မိမိတို့အသုံးပြုနေသော ဆင်းကတ်များ ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးစာတို (SMS) ရရှိပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့် အမြန်ပြန်လည်မှတ်ပုံတင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန