ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ
Ministry of Information/ Naypyitaw / February 08, 2026
နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစားစားပွဲဖြင့် တည်ခင်းဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး Banquet Hall ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ဂုဏ်ပြုညစာစားပွဲတွင် အမှာစကားပြောကြားခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်မိကြောင်းကို ဦးစွာပြောကြားလိုကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းစေမှု Genocide ဖြင့် စွဲဆိုထားသည့်အမှုကို နောက်ဆုံးအပြန်အလှန် နှုတ်ဖြင့်လျှောက်လဲချက် ကြားနာစစ်ဆေးမှု Oral Hearing ၌ မြန်မာနိုင်ငံဘက်မှ သွားရောက်ရင်ဆိုင်လျှောက်လဲခဲ့ကြသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုက သောင်းသောင်းဖြဖြ ထောက်ခံအားပေး ဂုဏ်ပြုကြိုဆိုခဲ့ကြသည့်နည်းတူ နိုင်ငံတော်အစိုးရကလည်း နိုင်ငံတော်ကိုကိုယ်စားပြုပြီး ယခုကဲ့သို့ ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုကြိုဆိုခြင်းပင်ဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံမှ ၂၀၁၉ ခုနှစ်တွင် စတင်စွဲဆိုခဲ့သည့် ယင်းအမှုသည် ၆ နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ အမှုကြားနာစစ်ဆေးသည့် Merit အဆင့် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူခဲ့ပြီးနောက် အမှုကိစ္စနှင့်ပတ်သက်၍ အစိုးရများနှင့် သက်ဆိုင်သည့်နိုင်ငံတကာဥပဒေ Public International Law အရ ရှေ့ကအစိုးရ၏ လုပ်ဆောင်ခဲ့သည့်လုပ်ငန်းနှင့် ကတိကဝတ်များကို ယေဘုယျအားဖြင့် ဆက်ခံရမည့် Succession of State တာဝန်ရှိမှုနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။ ထိုကဲ့သို့ဆက်ခံဆောင်ရွက်နိုင်ရေး အပြည်ပြည်ဆိုင်ရာတရားရုံးက ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် စတင်ဆက်သွယ်လာခဲ့ပြီးသည့်နောက် မိမိတို့အစိုးရအနေဖြင့် ယင်းအမှုကို ဆက်ခံဆောင်ရွက်သင့်မသင့် တာဝန်ရှိသူများအကြား အကြေအလည် ဆွေးနွေးခဲ့ကြပြီးနောက် ထိုအချိန်တွင်ဖြစ်ပေါ်နေသည့် နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများအရ ယင်းအမှုကိုဆက်လက်ပြီး တာဝန်ယူဆောင်ရွက်သင့်သည် ဟုဆုံးဖြတ်ခဲ့ပြီး တာဝန်ခံဆောင်ရွက်မည့် Agent နှင့် Alternate Agent ကိုယ်စားလှယ်နှစ်ဦးကို ရွေးချယ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း။
အဆိုပါကာလက နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေကို ပြန်ပြောင်း လေ့လာမည်ဆိုပါက မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပဖိအားများနှင့် စိန်ခေါ်မှုများ များပြားနေခဲ့သည့်အချိန်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် မိမိတို့အစိုးရကို တရားဝင်အသိအမှတ်ပြုရန် တွန့်ဆုတ်နေခဲ့ကြပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ပါ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် သစ္စာဖောက်ဘက်ပြောင်းသွားသည့်အတွက် နိုင်ငံတကာစင်မြင့်၌ ပြောရေးဆိုခွင့် ဆုံးရှုံးနေရသည့်အချိန်ဖြစ်ကြောင်း၊ အလားတူ အာဆီယံတွင်လည်း မြန်မာအစိုးရ ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားခြင်းခံရသည့် အချိန်လည်းဖြစ်ကြောင်း။
ပြည်တွင်း၌လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်ပျံ့နှံ့နေသကဲ့သို့ မင်းမဲ့စရိုက် ဆန်သည့်ဆူပူမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြင်းထန်နေခဲ့သည့်အချိန်လည်းဖြစ်ကြောင်း၊ ထိုကဲ့သို့အချိန်ကာလတွင် ယင်းအမှုကိုဆက်ခံပြီး ဆောင်ရွက်ပါက ဖြစ်လာနိုင်သည့် အလားအလာကို အကောင်းအဆိုးအကျိုးအပြစ်များကို လေ့လာချိန်ဆပြီးမှ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆုံးဖြတ်ရသည့် အဓိက အကြောင်းအရင်းမှာ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် မြန်မာဘက်က ဆက်ခံဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ အမှုကိစ္စကို တရားပြိုင်ဘက်က မပါဝင်ဘဲလည်း တစ်ဖက်သတ် စစ်ဆေးသွားနိုင်ပါကြောင်း၊ ထိုကဲ့သို့ တစ်ဖက်သတ်စစ်ဆေးခဲ့ပါက တစ်ဖက်သတ်အချက်အလက်များကိုသာ ရယူစစ်ဆေးမည်ဖြစ်၍ မလိုလားအပ်သည်များဖြစ်လာနိုင်ကြောင်း၊ ထိုသို့ဆိုပါက မြန်မာနိုင်ငံအနေဖြင့် သမိုင်းတစ်လျှောက် ဖျောက်မရသည့် ဂုဏ်သိက္ခာအမည်းစက်ကြီး စွန်းထင်းသွားမည်ဖြစ်သကဲ့သို့ နောက်ဆက်တွဲအနေဖြင့် အခြားမလိုလားအပ်သည့်ကိစ္စများ ဆက်လက်တွဲပါလာနိုင်ကြောင်း၊ ထို့ကြောင့် ယင်းအချိန်ကာလအခြေအနေများအရ အကောင်းဆုံးဖြေရှင်းချက်အဖြစ် အဆိုပါနည်းလမ်းကို ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း။
တစ်ဘက်တွင်လည်း မိမိတို့ဘက်က အဆင့်ဆင့် တရားရင်ဆိုင်ရတော့မည်ဆိုပါက အကောင်းဆုံးပြင်ဆင်နိုင်ရေးအတွက် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဥပဒေရေးရာ၊ လူဝင်မှုကြီးကြပ်ရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးစသည့် သက်ဆိုင်ရာဝန်ကြီးဌာန ပေါင်းစုံပါဝင်သည့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားရင်ဆိုင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကိုဖွဲ့စည်းပြီး ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း။
ဥပဒေအထောက်အကူပြုအနေဖြင့်လည်း ပြည်တွင်းက ဝါရင့်ဥပဒေပညာရှင်ကြီးများနှင့် ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်များရယူခဲ့သကဲ့သို့ နိုင်ငံတကာရှေ့နေအဖွဲ့ကိုလည်းယင်းအမှုတွင် လိုက်ပါဆောင်ရွက်ရန် ငှားရမ်းဖွဲ့စည်းခဲ့ရကြောင်း၊ ထို့အပြင် သမိုင်းကြောင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာရရှိနိုင်ရေးအတွက် ရခိုင်သမိုင်းဆိုင်ရာ ပြည်ပကျွမ်းကျင်ပညာရှင် တစ်ဦးကိုပါငှားရမ်း၍ ဆောင်ရွက်ခဲ့ပါကြောင်း။
ထိုကဲ့သို့ စနစ်တကျဖြင့်စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် မူလချမှတ်ထားသည့် မဟာဗျူဟာအတိုင်း အချိန်အလုံအလောက်ရရှိခဲ့ပြီး အမှုအတွက် ပြင်ဆင်မှုလုပ်ငန်းများကိုလည်း ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
ယင်းအမှု စစ်ဆေးကြားနာမှု၏ နောက်ဆုံးအဆင့်ဖြစ်သည့်နှုတ်ဖြင့် စစ်ဆေးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကျင်းပခဲ့ရာတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြည့်စုံသည့် ကြိုတင်ပြင်ဆင်မှုများရှိခဲ့သောကြောင့် ခိုင်မာအားကောင်းစွာ ကာကွယ်ချေပလျှောက်လဲနိုင်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ထို့အတွက်လည်း မိမိတို့၏အေးဂျင့်နှစ်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အနေဖြင့် ချီးကျူးဂုဏ်ယူသည်ကို ပြောကြားလိုပါကြောင်း။
အမှန်ဆိုပါက အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံက ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ယခုအမှုသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ကိုစွဲဆိုခြင်း မဟုတ်ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို စွဲဆိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၊ ပြည်သူလူထုနှင့် နိုင်ငံအစိုးရတို့အပါအဝင် တစ်နိုင်ငံလုံးကို တရားပြိုင်အဖြစ် စွဲဆိုတာဖြစ်သဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာ၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အထူးအရေးပါသည့် ကိစ္စတစ်ရပ်လည်းဖြစ်ကြောင်း။
ယခုအမှုတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဥပဒေကြောင်းဆိုင်ရာအရ လည်းကောင်း၊ အချက်အလက်ပိုင်းဆိုင်ရာအရလည်းကောင်း၊ ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာရပ်တည်ချေပလျှောက်လဲနိုင်ခဲ့ကြောင်း သိရှိရသည့်အတွက်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်တကွ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသည့် သက်ဆိုင်ရာဌာနအားလုံးကို နိုင်ငံတော်အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။
ယင်းအမှုကိစ္စသည် မြန်မာနိုင်ငံအတွက်အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း ယင်းစိန်ခေါ်မှုမှ မြန်မာနိုင်ငံအနေဖြင့် အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်းတွေ့ရကြောင်း၊ ယင်းအကျိုးအမြတ်များအနက် အရေးအကြီးဆုံးအချက်တစ်ရပ်မှာ “အရေးကြီးပြီ သွေးစည်းကြစို့” ဟူသည့်အတိုင်း မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲခံရသည့် ယခုအမှုအပေါ် မြန်မာပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ စည်းစည်းလုံးလုံးလက်တွဲပြီး နိုင်ငံချစ်စိတ်နှင့် ကိုယ့်နိုင်ငံဘက်က အပြည့်အဝထောက်ခံရပ်တည်ခဲ့ကြသည့်အတွက် အမျိုးသားစည်းလုံးညီညွတ် မှု၏သာဓကတစ်ရပ် ရရှိခဲ့သည်ဟုဆိုရမည်ဖြစ်ကြောင်း။
နောက်ထပ်အကျိုးအမြတ်တစ်ခုအနေဖြင့် နှစ်ပေါင်းများစွာရှိနေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ၏ အရင်းအမြစ်တစ်ခုဖြစ်သည့် နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားသည့် အမည်အမှတ်သရုပ်လက္ခဏာတစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်တွင် အထောက်အထားအခိုင်အမာဖြင့် တင်ပြခွင့်ရခဲ့ခြင်းပင်ဖြစ်ကြောင်း။
ထို့အပြင် ဥပဒေပိုင်းဆိုင်ရာတွင်လည်း ယင်းအမှုမှ နိုင်ငံတကာအဆင့် အတွေ့အကြုံများရရှိခဲ့ပြီး မိမိနိုင်ငံအတွက် ဥပဒေကြောင်းအရ အလားတူထိုးနှက်တိုက်ခိုက်လာခြင်းမျိုး ထပ်မံရှိလာပါက မည်ကဲ့သို့ အကောင်းဆုံးပြင်ဆင်သွားမည်ဟူသည့် အသိအမြင်ဗဟုသုတများ ရရှိနိုင်ခဲ့သည်မှာလည်း အဆိုးထဲကအမြတ်တစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း။
ကုလသမဂ္ဂ၏လက်အောက်ခံအဖွဲ့အစည်းဖြစ်သည့် ICJ အနေဖြင့် မည်ကဲ့သို့သော ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခုအမှုကိစ္စနှင့်ပတ်သက်၍ ကိစ္စကြီးငယ်မခွဲခြားဘဲ မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် (ခြင်္သေ့က သားကောင်ကိုလိုက်သည့် ဥပမာကဲ့သို့) စနစ်တကျပြင်ဆင်၍ အင်ပြည့်အားပြည့်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးအထိ ရောက်လာနိုင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှစ်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂုဏ်ပြုပါကြောင်းကိုလည်း ပြောကြားလိုကြောင်း။
မည်သို့ပင်ဖြစ်စေ နိုင်ငံငယ်များအနေဖြင့် ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နေကြရသည့် မျက်မှောက်ခေတ်အင်အား နိုင်ငံရေး နိုင်ငံတကာအခင်းအကျင်းတွင် မည်ကဲ့သို့စိန်ခေါ်မှုများဖြင့်ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့နိုင်ငံ၏ အသက်အမျှအရေးပါသည့် အကျိုးစီးပွားများဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားပြည်သူလူထုတို့အကြား ယခုဖြစ်စဉ်မှာကဲ့သို့ပင် အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲစောင့်ရှောက်ကာကွယ်သွားကြရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌနာ(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့်အချက်အလက်များစုဆောင်းခြင်း၊ ဖြစ်စဉ်ဖြစ်ရပ်မှန်များနှင့် သမိုင်းကြောင်းအချက်အလက်များ ပြည့်စုံစွာရရှိစေရေး ဆောင်ရွက်ခြင်း၊ ပြည်တွင်းမှ ဝါရင့်ဥပဒေပညာရှင်ကြီးများနှင့် ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်း၍ ဥပဒေပိုင်းဆိုင်ရာအကြံဉာဏ်များရယူခြင်း၊ အမှုတွင်လိုက်ပါဆောင်ရွက်နိုင်ရေး နိုင်ငံတကာရှေ့နေအဖွဲ့နှင့် သမိုင်းဆိုင်ရာပညာရှင်တစ်ဦးငှားရမ်းဖွဲ့စည်းခြင်းတို့ကို စနစ်တကျဖြင့်စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားဖြည့်ဆည်းမှုများနှင့်အတူ အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယခုကဲ့သို့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုမှုအပေါ် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 08, 2026
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ
Ministry of Information / Posted on February 08, 2026
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
Naypyitaw Development Committee / Posted on February 05, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
