မြန်မာ့ရထားပို့ဆောင်ရေးစနစ် ခေတ်နှင့်အညီ ဝိုင်းဝန်းမြှင့်တင်


Ministry of Information/ Naypyitaw / May 15, 2026
image_latest


အိန္ဒိယနိုင်ငံတွင် ပထမဆုံးသော မီးရထားလမ်းပိုင်းအဖြစ် ဘုံဘေ (ယနေ့ခေတ် မွမ်ဘိုင်း) နှင့် မိုင်၂၀ ကျော်ခန့်ကွာဝေးသော သာနေကိုဆက်သွယ်သည့် လမ်းပိုင်းကို ၁၈၅၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းရထားလမ်းသည် အာရှတိုက်၏ အစောဆုံးသော ရထားလမ်းဖြစ်သည်။ ယင်းနောက် ၂၄ နှစ်ခန့် ကြာပြီးသောအခါ မြန်မာနိုင်ငံတွင် ရန်ကုန်-ပြည် ရထားလမ်းကို ဖွင့်လှစ်သည်။ ၁၆၁ မိုင်ရှည်လျားသည့် အဆိုပါရထားလမ်းအား မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းယူထားသည့် ဗြိတိသျှတို့က စစ်ရေးလိုအပ်ချက်အရ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှတွင် အစောဆုံးသော ရထားလမ်းဖြစ်သည်။

နှစ်ပေါင်း ၁၅၀ ခန့် သက်တမ်းရှိလာပြီဖြစ်သည့် မြန်မာ့မီးရထားမှာလည်း နိုင်ငံ၏သမိုင်းနှင့်ထပ်တူ လောကဓံတရားတို့ကိုခံရသည်။ အတိတ်ကာလတွင် ရွှေရောင်နေ့ရက်များရှိခဲ့ဖူးသည့် မြန်မာ့မီးရထားမှာ ဒုတိယကမ္ဘာစစ်နှင့် ပြည်တွင်းဆူပူသောင်းကျန်းမှုကာလတို့တွင် ရထားလမ်းများ၊ တံတားများ၊ ရထားစက်ခေါင်းများ၊ တွဲများ၊ ရထားနှင့်ဆက်စပ်သည့် စက်ကိရိယာ၊ အဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ရထားနှင့် မြန်မာတို့ လွန်စွာရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး မီးရထားဖြင့် ခရီးသွားခဲ့ကြသည်။ ရထားခရီးနှင့်ပတ်သက်၍ စပ်ဆိုသည့်သီချင်းများပင်လျှင် ရေပန်းစားခဲ့သည်။

ခေတ်ကာလများ ပြောင်းလဲလာပြီးသည့်နောက်တွင် မော်တော်ကားလမ်းများက များစွာကောင်းမွန်လာသည်။ ခရီးသည်တင်မော်တော်ယာဉ်များကလည်း ခရီးဝေးသွားမည့်သူများအတွက် သက်သောင့်သက်သာရှိလာပြီး ကားနှင့်ခရီးသွားရသည်မှာ ယခင်ထက်များစွာ လွယ်ကူမြန်ဆန်လာသည်။ ထိုအချိန်တွင် မြန်မာ့မီးရထားမှာ သက်တမ်းရင့်အိုမင်းလာပြီး ခေတ်နှင့်ရင်ပေါင်မတန်းနိုင်တော့သည့် အခြေအနေသို့ရောက်ရှိကာ ဝန်ဆောင်မှုများကလည်း ခရီးသွားပြည်သူတို့ကို ကျေနပ်မှုမပေးနိုင်တော့။

လက်ရှိကာလတွင်မူ မြန်မာ့မီးရထားသည် ခေတ်သစ်၊ စနစ်သစ်တစ်ခုဆီသို့ စတင်တက်လှမ်းနေပြီဖြစ်သည်။ ရထားလမ်းများ၊ အချက်ပြစနစ်များ၊ ရထားစက်ခေါင်းများ၊ တွဲများ စသည်တို့ ခေတ်မီတိုးတက်ကောင်းမွန်လာသည်။ အထုပ်အပိုးများသယ်ကာ ရထားလက်မှတ်တန်းစီမဝယ်ရတော့ဘဲ အွန်လိုင်းမှဝယ်ယူ၍ ရလာသည်။ မီးရထားနှင့် ခရီးသွားရသည်မှာ သက်သောင့်သက်သာများစွာရှိပြီး စတိုင်ကျလာသဖြင့် ရထားစီးခရီးသည် ပြည်သူတို့၏နှုတ်ဖျားမှ ကောင်းသတင်းများထွက်ပေါ်လာသည်။ ရထားခုတ်မောင်းချိန်လည်း များစွာလျှော့ချလိုက်နိုင်သဖြင့် လိုရာခရီးသို့ လျင်မြန်စွာရောက်ရှိနိုင်လာ၍ ရထားစီးခရီးသည်များ ပြန်လည်များပြားလာသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေလ ၁၄ ရက်က မြန်မာ့မီးရထား စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့ သွားရောက်၍ ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားရာတွင် “မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် ၂၀၂၇ ခုနှစ်တွင် နှစ်ပေါင်း ၁၅၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ခန့်ရှိပြီဖြစ်သည့် ရထားပို့ဆောင်ရေးစနစ်သည် ယခုထက် ပိုမို၍ဖွံ့ဖြိုးတိုးတက်သင့်သည်ဟု ထင်မြင်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ရထားလမ်းများ၊ ဘူတာစင်္ကြံများ၊ ရထားလမ်းကူးများ၊ တံတားများ အဆင့်မြှင့်တင်ရေး၊ ရထားပို့ဆောင်ရေးကို ပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုးအသုံးပြုနိုင်ရေး၊ ရထားတွဲများ၊ စက်ခေါင်းများအားလုံး ကောင်းမွန်ကြံ့ခိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေး၊ ကုန်စည်များ အမြဲမပြတ် ပို့ဆောင်ပြေးဆွဲနိုင်ရေးတို့ကိုလည်း အသေးစိတ် လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ရထားလုပ်ငန်းသည် ပြည်သူနှင့်ဆက်စပ်နေပြီး ထင်သာမြင်သာရှိသော ပြယုဂ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့မီးရထားကို ယခုရောက်ရှိနေသည့် အဆင့်အတန်းမှသည် နောက်တစ်ဆင့်ပြီးတစ်ဆင့် ပိုမို၍တိုးတက်ကောင်းမွန်လာစေရန်၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်း၍ ပြည်သူကို ဝန်ဆောင်မှုပေးနိုင်စေရန် အချိန်နှင့်အမျှ ဆောင်ရွက်သွားကြရမည်လည်းဖြစ်သည်။ မြန်မာ့မီးရထား၏ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံတကာခရီးသွားများအကြား ကောင်းသတင်းများ ကျော်ကြားလာသည့်အခါ နိုင်ငံ၏ခရီးသွားလုပ်ငန်းကိုပါ အကျိုးပြုနိုင်မည်ဖြစ်သည်။

တစ်ဖက်တွင်လည်း ရထားတွဲများ၏ သန့်ရှင်းသပ်ရပ်မှုနှင့် အဆင့်အတန်းမြင့်မှုတို့ကို ထိန်းသိမ်းရန်မှာ ခရီးသွားပြည်သူတို့၏တာဝန်ဖြစ်သည်။ ရထားတွဲများ၊ စက်ခေါင်းများ၊ ဘူတာများ၊ စင်္ကြံများ၊ ရထားဝန်ထမ်းများ စသည်တို့အပါအဝင် ရထားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အရာအားလုံးအတွက် ဥပဒေထုတ်ပြန်ထားပြီး ပြစ်မှုနှင့် ပြစ်ဒဏ်တို့လည်း ပါရှိနေသည်ကို သတိချပ်ကြရပါမည့်အကြောင်း။ ။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video