(၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှ ပေးပို့သည့်သဝဏ်လွှာ
(၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှ ပေးပို့သည့်သဝဏ်လွှာ
Ministry of Information/ Naypyitaw / September 13, 2025
(၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၈ ၌ “နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့်လူကုန်ကူးမှုများကို တားမြစ်သည်”ဟု အတိအလင်းပြဋ္ဌာန်းထားရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှတ် ၅/၂၀၀၅ ဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို ၂၁-၁၂-၂၀၁၆ မှစတင်ပြီး ပြောင်းလဲလာသောလူကုန်ကူးမှုပုံစံများ၊ နိုင်ငံတကာစံနှုန်းများနှင့်ချိန်ညှိ၍ ပြင်ဆင်ရေးဆွဲခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယခုအခါ (၁၃)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
အဆိုပါ ဥပဒေအသစ်အရ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ် စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့နှင့် အခြားလိုအပ်သည့် လုပ်ငန်းကော်မတီများကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ပထမ ၅ နှစ်စီမံကိန်း (၂၀၀၇-၂၀၁၁)၊ ဒုတိယ ၅ နှစ်စီမံကိန်း (၂၀၁၂-၂၀၁၆)၊ တတိယ ၅ နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)များနှင့် နှစ်အလိုက်လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့ပြီး လက်ရှိတွင် စတုတ္ထ ၅ နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆)၏ စတုတ္ထနှစ်ဖြစ်သည့် ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများရေးထိုး၍လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များကို အထူးပြုသော လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ASEAN Convention Against Trafficking in Persons Especially Women and Children-ACTIP)၊ မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံများ၏ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (Coordinated Mekong Ministerial Initiative against Trafficking -COMMIT)၊ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation-BIMSTEC)၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက် ရေးဆိုင်ရာဘာလီလုပ်ငန်းစဉ်(Bali Process on People Smuggling, Trafficking in Persons and Related Transnational Crime-Bali Process) နှင့် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Lancang-Mekong Integrated Law Enforcement and Security Cooperation Center-LMLECC) တို့တွင် ပူးပေါင်းပါဝင်၍လည်းကောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကိစ္စရပ်များတွင် တက်ကြွစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လူကုန်ကူးခံရခြင်းသည် ဆင်းရဲနွမ်းပါးခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ ဗဟုသုတနည်းပါးခြင်းစသည့် အခြေခံအချက် အလက်အချို့မျှသာမကဘဲ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ပညာရေးစရိတ်လိုအပ်ခြင်း၊ မိသားစုအတွက် များပြားသည့်ဝင်ငွေရရှိလိုခြင်း၊ ပိုမိုမြင့်မားသော လူနေမှုဘဝကိုမျှော်မှန်းခြင်း၊ လက်ရှိအခြေအနေအပေါ်တွင် စိတ်ကျေနပ်မှုမရှိခြင်း၊ အောင်မြင်မှုရသည့် ဘဝများကို အားကျခြင်းစသည့် အရင်းခံအကြောင်းအရာများစွာ ရှိနေပါသည်။
လက်ရှိမြန်မာအမျိုးသမီးများကို မိမိနိုင်ငံအတွင်းသို့ လာရောက်စည်းရုံးကာ အယောင်ပြလက်ထပ်ပြီး ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်သည်အထိ အတင့်ရဲလာသောလူကုန်ကူးမှုများကို ဖော်ထုတ်ရရှိနေပြီး မြန်မာအမျိုးသမီးများနှင့် ပြည်ပနိုင်ငံခြားသားများ ထိမ်းမြားလက်ထပ်ရန်ဆောင်ရွက်ပေးကြသူများနှင့် ဥပဒေကို လက်တစ်လုံးခြားလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်းအထိ လက်ထပ်ရန်လာရောက်စည်းရုံးခဲ့သည့် ဖြစ်စဉ်များနှင့်အတူ Online မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့သည့် ဖြစ်စဉ်များကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ထို့ကြောင့် နိုင်ငံခြားသားများနှင့်လက်ထပ်သည့် မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုပ်ငန်းစဉ်အဆိုပြုချက်များချမှတ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် အဓိကအားဖြင့် သတင်းလက်ဦးမှုရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းစသည့် အချက် ၃ ချက်ပါဝင်ပြီး မြန်မာအမျိုးသမီးများအား အတုအယောင်ထိမ်းမြားလက်ထပ်သော လူကုန်ကူးမှုများကို တိုက်ဖျက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
လူကုန်ကူးမှုများသည် ခေတ်စနစ်အလိုက် အခြေအနေများနှင့် နည်းပညာတိုးတက်ဖွံ့ဖြိုးမှုတို့အပေါ်လိုက်ပါပြီး ပုံစံပြောင်းလဲလာသည်ကို ဂရုပြုကြရမည်ဖြစ်ပြီး လက်ရှိအွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုတို့ပြုလုပ်ကြသော Online Scam လုပ်ငန်းများသည် လူသစ်စုဆောင်းရာတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများအဖြစ် အွန်လိုင်းမှတစ်ဆင့် လစာအမြောက်အမြားရရှိမည့်အသွင်ဖြင့် မက်လုံးပေးစည်းရုံးခေါ်ဆောင်လာခဲ့ကြပါသည်။ နိုင်ငံအများအပြားမှ အိုင်တီနည်းပညာကျွမ်းကျင်သူများအပါအဝင် ပညာတတ်အများအပြားတို့ စုဆောင်းခံခဲ့ကြရပြီး အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးလိမ်လည်မှုများအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် လူကုန်ကူးမှုကျူးလွန်ခြင်းခံနေကြရပါသည်။ လူကုန်ကူးသူများသည် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုနေကြသော လူမှုကွန်ရက်မီဒီယာများကို အသုံးပြုကာ လိမ်လည်မှုအမျိုးမျိုးပြုလုပ်နေကြရာတွင် အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ အချိန်မရွေးသားကောင်ဘဝ ကျရောက်သွားနိုင်သဖြင့် “No one is immune to trafficking” ဟူ၍ ပြောကြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကျူးလွန်လေ့ရှိသည့် အွန်လိုင်းလိမ်လည်မှုပုံစံ ၉ မျိုးတွေ့ရှိရပြီး အဓိကအားဖြင့် ငွေကြေးဆိုင်ရာနှင့်တိုက်ရိုက်ပတ်သက်နေပြီး ပစ်မှတ်များမှာ ငွေကြေးချမ်းသာကြွယ်ဝသော နိုင်ငံများအား အဓိကဦးတည်နေသည်ကို စိစစ်တွေ့ရှိရပါသည်။ မိမိနိုင်ငံတွင်းက ပြည်သူများသည်လည်း လိမ်လည်မှု၏ သားကောင်ဖြစ်နေကြပြီး အဆိုပါအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် ဖိအားပေးစေခိုင်းခံနေရသည့် Victim များတွင် နိုင်ငံအသီးသီးမှ ပညာတတ်လူငယ်များ ပါရှိနေသည်ကို တွေ့ရသည့်အပြင် မြန်မာနိုင်ငံမှ လူငယ်အချို့သည်လည်း အာဆီယံဒေသတွင်း နိုင်ငံအချို့တွင် Victimအဖြစ် ရောက်ရှိနေကြပါသည်။
ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုပြဿနာများနှင့်စပ်လျဉ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် နိုင်ငံများတွင် လူကုန်ကူးမှုပိုမိုဖြစ်ပွားသည်ဟူ၍လည်းကောင်း၊ ဆင်းရဲနွမ်းပါး၍ ပညာရည်နိမ့်ပါးသူများသာ လူကုန်ကူးမှုကိုခံကြရသည်ဟူ၍လည်းကောင်း ယေဘုယျအားဖြင့်ရှုမြင်ကြပါသည်။ သို့ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာသည့်နိုင်ငံများသည်လည်း လူကုန်ကူးမှုပြဿနာနှင့် မကင်းသည့်အပြင်လူကုန်ကူးခံရသူများတွင် ပညာတတ်များလည်း ပါဝင်လျက်ရှိရာ လူကုန်ကူးမှုသည် အခြားမမျှော်မှန်းနိုင်သော အကြောင်းများအပေါ်အခြေခံလျက်ရှိပါသည်။
အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်သောလူကုန်ကူးမှုတိုက်ဖျက်ရေး စီမံချက်ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီရေးဆွဲခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်မှ စ၍ Pilot Project အနေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပြစ်မှုကျူးလွန်သူများသည် တိုးတက်လာသောနည်းပညာများကို အခြေခံကာစနစ်တကျဂိုဏ်းဖွဲ့ပြီး လမ်းကြောင်းပုံစံသစ်များဖြင့် ပြောင်းလဲကျူးလွန်လာသည့်အတွက် ထိရောက်စွာတားဆီးထိန်းချုပ်ခြင်း၊ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့်ကျူးလွန်သူများကို ပြင်းထန်ထိရောက်သည့် အပြစ်ပေးအရေးယူမှုများပြုခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် ၅ နှစ်စီမံကိန်းများ၏ အားနည်းချက်/ အားသာချက်များ၊ နည်းပညာတိုးတက်မှု၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံသစ်များ၊ လမ်းကြောင်းများ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသော အလေ့အထများအပေါ်အခြေခံ၍ ပြည်တွင်းရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုကိစ္စရပ်များတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်ရာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်သာမက အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လူကုန်ကူးခံရသူအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အထူးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးနှင့် ကလေးသူငယ်များအား အလေးဂရုပြု၍ အကာအကွယ်နှင့်အကူအညီပေးခြင်း၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများလျော့နည်းပပျောက်စေခြင်း၊ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများကို ဗဟိုအဖွဲ့၏ ဦးဆောင်မှု၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်၍ ၂၀၂၅ ခုနှစ်၊ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခြင်းနှင့်ပတ်သက်သော ခေါင်းပုံဖြတ်မှုများအား အဆုံးသတ်နိုင်ရေးအတွက် ပြည်သူလူထု၏ သတင်းပေးကူညီမှုများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လူကုန်ကူးမှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ကာ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ခြင်းအားဖြင့် လူကုန်ကူးမှုများကို အောင်မြင်စွာတားဆီးကာကွယ် တိုက်ဖျက်သွားနိုင်မည်ဟု ယုံကြည်မိပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Ministry of Cooperatives and Rural Development / Posted on May 26, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်) များအား ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026

