နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / March 24, 2023
image_latest


 

 

နေပြည်တော် မတ် ၂၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကာကွယ်ရေးတို့အတွက် အစီအမံများချမှတ်ဆောင်ရွက်ရကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ချိန်တွင် ရည်မှန်းချက်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်နေရသည့် အခန်းကဏ္ဍသည် နိုင်ငံတော်အဆင့် ဆောင်ရွက်နေရခြင်းဖြစ်သောကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထား စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

 

မိမိတို့အစိုးရသည် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် ရိုးသားစွာဖြင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့မှုများသည် သမိုင်းမှတ်တမ်းများတွင် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်များကို ထမ်းဆောင်ချိန်တွင် ရိုးသားစွာဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီ စတင်တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆပူဆန္ဒပြမှုနှင့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် အချို့သော EAO အဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းအခြေအနေကို အခွင့်ကောင်းယူ၍ အကြမ်းဖက်သမားများကို မီးလောင်ရာလေပင့် မြှောက်ပင့်သွေးထိုး ဆောင်ရွက်ခဲ့မှုများကြောင့် မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်လုယက် သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ရုံးဌာနအဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားမှုများလည်း ပြင်းထန်လျက်ရှိသည့် အချိန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရာ ကူးစက်မှုများနှင့် သေဆုံးမှုများကျဆင်းသွားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများသည်လည်း ၂၀၂၂ ခုနှစ်၊ ဧပြီလ နောက်ပိုင်းတွင် လျော့နည်းသွားခဲ့ကြောင်း၊ နိုင်ငံအနေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံဖြစ်ပြီး စားသောက်ကုန်များ စဉ်ဆက်မပြတ် ထုတ်လုပ်မှုရှိနေသောကြောင့် စားသောက်ကုန်များ ပြတ်လက်မှု မရှိခဲ့ကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်သည့် အချို့သောပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ချို့က အစိုးရ၏အုပ်ချုပ်မှုယန္တရားနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် ဘဏ်စနစ်များ ထိခိုက်ပြိုလဲမှုများ မဖြစ်ပေါ်စေရေး အခက်အခဲများကြားမှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်ခဲ့ကြောင်း။

 

၂၀၂၀ ပြည့်နှစ် ကိုဗစ် - ၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံ့စီးပွားရေးသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းစီးပွားရေးအားပေးမှုနှင့် စီမံခန့်ခွဲရေးပိုင်းတို့တွင် အားနည်းခဲ့ခြင်းကြောင့် ၂၀၂၀- ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်နေသည့် အခက်အခဲများကြားမှ မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ မတ်လအထိ ပထမခြောက်လပတ်ကာလတွင် နိုင်ငံ၏ဂျီဒီပီမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ အနုတ် ၅ ဒသမအ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာ ခြင်းကြောင့်နိုင်ငံ၏ စီးပွားရေးတိုးတက်လာခြင်း ပင်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ဆက်လက်ပြီးတိုးတက်မှုများရှိမည်ဟု ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ခန့်မှန်းထားကြကြောင်း။

 

ထိုသို့နိုင်ငံ၏ ဂျီဒီပီများတိုးတက်လာခြင်းသည် မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်အတွက် စေတနာထား၍ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် မြေသယံဇာတများကို အကျိုးရှိရှိအသုံးချနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အများစုမှာ စပါးကိုစိုက်ပျိုးကြပြီး မိုးစပါးစိုက်ဧကမှာ ၁၅ သန်းခန့်ရှိပြီး နွေစပါးစိုက်ဧကမှာ ၃ သန်းခန့်ရှိကြောင်း၊ မိုးစပါးစိုက်ဧက ၁၅ သန်းတွင် လယ် ၁၃ ဒသမ ၂ သန်းကျော်ရှိကြောင်း၊ ကျန်စိုက်ပျိုးမှုများမှာ ယာ၊ တောင်ယာ၊ အခြားမြေများဖြစ်ကြောင်း၊ ယင်း ၁၃ ဒသမ ၂ သန်းအနက် တစ်သီးသာ စိုက်သည့်မြေ ဧက ၅ သန်းခန့်ရှိနေကြာင်း၊ ယင်းမြေများကို သီးထပ်စိုက်ပျိုးနိုင်ရန်ကြိုးစားရမည်ဖြစ်ကြောင်း၊ အလားတူ ပဲ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးကြရန်လိုကြောင်း၊ စပါး၊ ပဲ၊ ဆီထွက်သီးနှံများနှင့် အခြားသီးနှံများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်၍ မြေကိုအကျိုးရှိရှိအသုံးချကြရန်လိုကြောင်း။

 

စားသုံးဆီနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ စားသုံးဆီလိုအပ်ချက်များကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲကုန်ကျမှု များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး မိမိအနေဖြင့် စဉ်ဆက်မပြတ် တိုက်တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်းလေးမျိုးပြည့်စုံမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရန်နှင့်ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒုတိယအချက်နေဖြင့် မူလစိုက်ပျိုးမြေဖြစ်သော်လည်း စိုက်ပျိုးမှုမရှိသည့် မြေများကို ပြန်လည်စိုက်ပျိုး၍ စိုက်ဧကတိုးချဲ့နိုင်ပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုသည် များစွာတိုးတက်ပြောင်းလဲသွားမည်ဖြစ်ကြောင်း။

 

နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ နေကြာဆီသည် မိမိတို့နိုင်ငံ၏ အဓိကစားသုံးဆီတွင် ပါဝင်ခြင်းမရှိကြောင်း၊ မူလက ပဲဆီနှင့်နှမ်းဆီကိုသာအဓိကစားသုံးကြပြီး နောက်ပိုင်းတွင် ဈေးနှုန်းသက်သာသည့် စားအုန်းဆီများကို စားသုံးလာကြကြောင်း၊ နေကြာဆီသုံးစွဲမှုမှာ နည်းပါးကြောင်း၊ မိမိတို့နိုင်ငံရှိ စပ်မျိုးနေကြာမှာ တစ်ဧကလျှင် အထွက်နှုန်း တင်း ၅၀ ကျော်၊ ဆီပိဿာ ၁၄၀ ခန့်အထိထွက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါနေကြာများကို တိုးချဲ့စိုက်ပျိုးမည်ဆိုပါက နိုင်ငံ၏စားသုံးဆီလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက် နိုင်ကြောင်း၊ အလားတူ ပဲ၊ နှမ်းနှင့် အခြားဆီထွက် သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုး မည်ဆိုပါက စားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိပါက နိုင်ငံခြားငွေ သုံးစွဲမှုများ နည်းပါးသွားမည်ဖြစ်သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း။

 

စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လက်ရှိထွက်ရှိနေသည့် အထွက်နှုန်းထက် ပိုမိုတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုး ဖြင့်စနစ်တကျစိုက်ပျိုး ဆောင်ရွက်မည်ဆိုပါက တစ်ဧကချင်းအထွက်နှုန်းများတိုး တက်လာမည်ဖြစ်ကြောင်း၊ စပါးတစ်ဧကလျှင် ပျှမ်းမျှ ၅ တင်းခန့် ပိုမိုထွက်ရှိလာမည် ဆိုပါက စိုက်ပျိုးဧက ၁၃ ဒသမ ၂ သန်းတွင် စပါးတင်း ၆၆ သန်းပိုမိုထွက်ရှိမည်ဖြစ်သဖြင့် တစ်တင်းလျှင်တစ်သောင်းနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ငွေကျပ် ၆၆၀ ဘီလီယံ၊ တစ်သောင်းခွဲနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ၉၉၀ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း၊ ထိုသို့စပါးတစ်ဧကလျှင် ၅ တင်းပိုမိုထွက်ရှိအောင်စိုက်ပျိုး နိုင်မည်ဆိုပါက စပါးစိုက်တောင်သူများဝင်ငွေ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပြီး ဝယ်လိုအား တက်လာမည်ဖြစ်သဖြင့် နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ တိုးတက်လာပြီး တိုင်းပြည်၏ စီးပွားရေးအားသည် ယခင်ကထက် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ တိုင်းပြည် ၏ GDP သည်လည်း တက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ဖူလုံပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများလည်း ရရှိလာမည်ဖြစ်ပြီး ပြည်ပမှ နိုင်ငံခြားငွေကြေးသုံးစွဲ၍ တင်သွင်းနေရသည့် မဖြစ်မနေလိုအပ်သည့် ပစ္စည်းများကို ပိုမိုတင်သွင်းလာနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေရှည်ကိုကြည့်၍ သုံးသပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားလိုကြောင်း။

 

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တိုင်းပြည်၏ အဓိကစိုက်ပျိုးသည့် သီးနှံများအနက် ဝါသည် တစ်ခုအပါအဝင်ဖြစ်ပြီး ၄ ဒသမ ၅ သိန်း ဧက စိုက်ပျိုးကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဧက ၈ သိန်း အထိ စိုက်ပျိုးခဲ့ပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးမှုရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခင်နှစ် ဝါထွက်ရှိမှုအနေဖြင့် ၁ ဧကလျင် ၄၃၈ ဒသမ ၅ ပိဿာနှုန်းဖြင့် စုစုပေါင်း ဝါပိဿာချိန် ၁၉၈.၇ သန်း ရရှိခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံ၏ဝါလိုအပ်ချက်သည် ပိဿာပေါင်း ၃၆၃ သန်းလိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် ပိဿာချိန်ထက်ဝက်နီးပါးခန့် လိုအပ်ချက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် တစ်ဧကအထွက်နှုန်းကို ၇၀၀ ပိဿာနှုန်းအထိ ထွက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ယခင်ဝါစိုက်ဧကများအတိုင်း ပြန်လည်စိုက်ပျိုးနိုင်စေရေး လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်၍ လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်ရှည်ဝါကို အဓိကထား၍ စိုက်ပျိုးကြသည်ကို တွေ့ရှိရပြီး အရည်အသွေးပြည့်မီသည့် ချည်မျှင်ထွက်ရှိနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အရည်အသွေးပြည့်မီမှုမရှိသဖြင့် အဝတ်အထည်များ ရက်လုပ်ရန်အတွက် လိုအပ်သည့် ချည်များကို ပြည်ပမှတင်သွင်းနေရသောကြောင့် ဝါစိုက်ပျိုးမှုတိုးတက်စေရေး ပြုပြင်ပြောင်းလဲမှုများ မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးသည့် ဒေသများအနေဖြင့် ဝါစိုက်ဧကများတိုးချဲ့နိုင်ရေးနှင့် မှန်မှန်ကန်ကန်စိုက်ပျိုးမှုရှိ စေရေး၊ ဝါအထွက်နှုန်း ကောင်းမွန်ပြည့်မီစေရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရေးတို့အတွက် စီမံပေးရန်လိုကြောင်း၊ စိုက်ပျိုးသည့် တောင်သူများ၊ အသုံးပြုသည့် လုပ်ငန်းရှင်များနှင့် အစိုးရတို့ သုံးဦးသုံးဖလှယ်ပူးပေါင်း၍ လိုအပ်သည့် မျိုးကောင်း မျိုးသန့်များရရှိအောင်၊ ဝါအရည်အသွေးကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ဝါလိုအပ်ချက်ပြည့်မီစေရေးအတွက် ပြည်ပနိုင်ငံများမှ နည်းစနစ်နှင့် မျိုးကောင်းမျိုးသန့်များရရှိစေရေး အစိုးရမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ဝါစိုက်တောင်သူများနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများကလည်း စိတ်ပါဝင်စားစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

 

အလားတူ ဂျုံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဂျုံစိုက်ဧက ၁၃၂၅၀၀ ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း၊ ဂျုံနှင့်ပတ်သက်၍ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ကြရန်နှင့် အရည်အသွေးပြည့်မီသည့် ဂျုံများရရှိအောင် ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဂျုံနှင့်ပတ်သက်သည့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအများစု၌ ပြည်ပမှတင်သွင်းသည့် ဂျုံများကိုသာ အများဆုံးအသုံးပြုကြသည်ကိုတွေ့ရှိရပြီး ပြည်တွင်းမှထွက်ရှိသည့် ဂျုံများသည် အရည်အသွေးပိုင်းတွင် ပြည့်မီမှုရှိရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဂျုံစိုက်ပျိုး ထုတ်လုပ်မှုများကိုလည်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ သားများသည် ဆန်ကိုအဓိကထားစားသုံးကြကြောင်း၊ စားသောက်မှု ပုံစံကိုပြောင်းလဲ၍ ဂျုံကိုနေ့စဉ်တစ်နပ်နှုန်းဖြင့် ထည့်သွင်းစားသုံးမည်ဆိုပါက မိမိတို့နိုင်ငံသားများ၏ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသများအနေဖြင့် စဉ်းစားသုံးသပ် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသအလိုက် မိမိတို့ရရှိထားသည့် မြေသယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မြေကိုကောင်းမွန်မှုရှိအောင် ပြုပြင်ခြင်း၊ ရေရရှိအောင်ဆောင်ရွက်ခြင်းတို့ဖြင့် ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထွက်ရှိနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဒေသမှ စိုက်ပျိုးရေးထုတ်ကုန် လုံလောက်မှုမရှိပါက ပြင်ပမှဝယ်ယူသုံးစွဲရမည်ဖြစ်ပြီး ဒေသတွင်း လည်ပတ်သုံးစွဲငွေများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။

 

မွေးမြူရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မွေးမြူရေးဆောင်ရွက်မှုများကို စားကျက်မြေများတွင် လွှတ်မွေးသည့် စနစ်ဖြင့် အများဆုံးမွေးမြူကြကြောင်း၊ မွေးမြူရေးစနစ်တွင် လှောင်၍ မွေးမြူပြီးအစာကောင်းမွန်စွာ ကျွေးမွေးသည့် စနစ်သည် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မွေးမြူရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲ၍ နည်းစနစ်ကျသည့် ခေတ်မီမွေးမြူရေးစနစ်ကို ဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက မွေးမြူရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပြီး အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို စနစ်တကျဖြင့် အောင်မြင်အောင် စီမံဆောင်ရွက်နိုင်မည်ဆိုပါက အမျိုးသားရေးမျှော်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ ဝင်ငွေရှိမှသာလျင် တိုင်းပြည်သာယာ ဝပြောမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် တိုင်းပြည်အတွင်း စားရေရိက္ခာထုတ်လုပ်မှု ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဖော်ဆောင်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံ၏ ရှိရင်းစွဲအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို မဖြစ်မနေအားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခင်နှစ်မှစ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ခိုင်မာသည့် စီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ မဖြစ်မနေလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်စွမ်းအား လိုအပ်ချက်ပြည့်မီစေရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။

 

ရေနံနှင့်ပတ်သက်၍ သယံဇာတများစွာရှိပြီးဖြစ်သဖြင့် စည်းကမ်းစနစ်တကျမရှိဘဲ တူးဖော်ထုတ်လုပ်နေမှုများကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လောင်စာဆီနှင့်ပတ်သက်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းများကို နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀၀ ကျော်ဖိုးခန့် ဝယ်ယူတင်သွင်းရလျက်ရှိသဖြင့် လောင်စာဆီ သုံးစွဲမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သံမဏိလုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် သံရိုင်းများထွက်ရှိပြီး သံမဏိစက်ရုံအကြီး ၂ ရုံသာရှိကြောင်း၊ နှစ်စဉ် သံမဏိတန်ချိန် ၃ သန်းခန့် လိုအပ်ချက်ရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက်နိုင်သဖြင့် အလေးထားအားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ သံရိုင်းထုတ်လုပ်သည့်အဆင့်မှ သံမဏိထုတ်လုပ်သည့် အဆင့်ထိဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သံမဏိအပြင် ဘိလပ်မြေထုတ်လုပ်သည့် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆက်စပ်လုပ်ငန်းဖြစ်သည့် ကျောက်မီးသွေး ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း။

 

ထို့ပြင် ရွှေတူးဖော်ခြင်း၊ သစ်ထုတ်လုပ်ခြင်း အစရှိသည့် နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် သတ်မှတ်စည်းမျဉ်း စည်းကမ်းနည်းဥပဒေများနှင့်အညီသာ ထုတ်ယူသုံးစွဲစေရေး၊ တရားမဝင် ထုတ်ယူသုံးစွဲမှုများ မရှိစေရေး ထိထိရောက်ရောက် ထိန်းသိမ်းကြပ်မတ်ကြစေလိုကြောင်း၊ ထုတ်ယူသုံးစွဲရာတွင်လည်း မလိုလားအပ်ဘဲ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ ဆောင်ရွက်စေလိုပြီး အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သစ်ပင်သစ်တောများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်လည်း သစ်ပင်စိုက်ပျိုးခြင်းများနှင့် စနစ်တကျထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်၍ စီးပွားရေးဦးတည်ချက် အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် အခြားဦးတည်ချက်များကိုပါ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် လည်ပတ်ဆောင်ရွက်ရပြီး ၎င်းမောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံရေးနှင့်ကာကွယ်ရေး မောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများက စိုက်ပျိုးမွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ သောက်သုံးရေနှင့်စိုက်ပျိုးရေးများ လုံလောက်စွာရရှိရေး ဆောင်ရွက်နေမှု၊ အခွန်အကောက်ငွေများ ကောက်ခံရရှိမှု၊ သစ်တောများရေရှည် တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ စတင်အသုံးပြုလျက်ရှိမှုနှင့် အားသွင်းစတေရှင်များ တည်ဆောက်ပြီးစီးမှုနှင့် တိုးချဲ့တည်ဆောက်နေမှု၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးနေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ဒေသတစ်ခုထွက်ကုန်တစ်ခု (One Region One Product) ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေ၊ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှု၊ ကိုဗစ်− ၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ တက္ကသိုလ်ကောလိပ်များဖွင့်လှစ် သင်ကြားပေးနေမှုနှင့် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်သည့် ကဏ္ဍများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းများအနေဖြင့် နိုင်ငံတော်မှထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အကျိုးရှိရှိ အသုံးပြုကြရန်လိုကြောင်း၊ အဆိုပါငွေများကို အမှန်တကယ်ရင်းနှီးမြှုပ်နှံ သူများလက်သို့ရောက်ရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် ထုတ်ပေးထားသည့် ငွေများမပျောက်ပျက်စေရေးနှင့် သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန်ပြန်လည် ပေးဆပ်စေရေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံရှိ တိုင်းရင်းသားဒေသများအလိုက် မိမိတို့ရိုးရာယဉ်ကျေးမှုများ၊ ဂီတနှင့်ဝတ်စားဆင်ယင်မှုများကို ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းရင်းသားဘာသာစကားနှင့် ပတ်သက်၍လည်း ဥပဒေအရခွင့်ပြုပေးထားကြောင်း၊ မြန်မာစကားကိုနားမလည်ခြင်းကြောင့် စာပေသင်ကြားမှုတွင် အခက်အခဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံရှိ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာပေနှင့် မြန်မာစကားကို မဖြစ်မနေသင်ကြား တတ်မြောက်ထားမှသာ ပညာသင်ကြားမှုနှင့် အလုပ်အကိုင်များဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ မြန်မာစာပေကိုသင်ကြားမှု အဆင်ပြေစေရေးအတွက် မြန်မာဘာသာရပ်ကိုသင်ကြားပေးသည့် ဆရာ၊ ဆရာမများအနေဖြင့် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း။

 

ပညာသင်ကြားရေးနှင့်ပတ်သက်၍ ၂၀၂၀-၂၀၂၁ ခုနှစ်ပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော် ကျောင်းအပ်နှံသူ ကျောင်းသားဦးရေမှာ ယခင် ကိုဗစ် - ၁၉ မဖြစ်ပွားမီအချိန်ကထက် လျော့နည်းနေသည်ကိုတွေ့ရှိရသဖြင့် ပညာရည်မြှင့်တင်မှုကို ထိခိုက်စေနိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများလည်း လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ အချို့သောနေရာဒေသများတွင် လုံခြုံမှုအရပညာသင်ကြားမှုကို ထိခိုက်သည်မှန်သော်လည်း အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းသော်လည်း ကျောင်းတက်ရောက် မှုရာခိုင်နှုန်းများ ကျဆင်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံးရှိ‌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါနွေရာသီကျောင်းပိတ်ရက်သို့ ရောက်ရှိနေပြီဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ယဉ်ကျေးလိမ္မာ သင်တန်းများ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် အခြားကလေးငယ်များအတွက် အကျိုးဖြစ်ထွန်းစေမည့် နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ယခင်ပညာသင်နှစ်က သင်ကြားခဲ့ရသည့် သင်ခန်းစာများ ကိုပြန်လည်လေ့လာဖတ်မှတ်မှုများကို ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ပတ်ဝန်းကျင်ရှိ ကလေးငယ်များ အနာဂတ်လှပစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။

 

မကြာမီကာလတွင် မြန်မာ့ရိုးရာသင်္ကြန်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလတွင် ပျော်ပွဲရွှင်ပွဲများကို စည်းကမ်းတကျ မြန်မာ့ရိုးရာယဉ် ကျေးမှုကိုမထိခိုက်စေဘဲ ကျင်းပဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် အန္တရာယ်ကင်းစွာကျင်းပနိုင်ရေး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် အလေးထားဆောင်ရွက် ကြစေလိုကြောင်း။

 

မော်တော်ယဉ်စည်းကမ်းထိန်းသိမ်းမှုနှင့်ပတ်သက်၍ လိုင်စင်မဲ့မော်တော်ယာဉ် များပပျောက်စေရေး နိုင်ငံတော်အနေဖြင့် စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များကိုလည်း ဖျက်ဆီးဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူလိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင်တင်သွင်းမှု၊ ရောင်းချမှုနှင့် စီးနင်းမှုများမဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် စီးနင်းခြင်းများကြောင့် နိုင်ငံတော်၏ အခွန်ငွေများကို ထိခိုက်စေသကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ရာတွင် အဆိုပါလိုင်စင်မဲ့ယာဉ်များကို အသုံးပြုခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုလုပ်ငန်းစဉ်များကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ ယာဉ်နံပါတ်ပြားများကိုလည်း ပုံစံသစ်လဲလှယ်တပ်ဆင်အသုံးပြုရေးကြပ်မတ်ရန်လိုကြောင်း။

 

  အုပ်ချုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များကိုတိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါတိုးချဲ့ခဲ့သည့်ခရိုင်များရှိ ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း။

 

  စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုပ်သားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်သားလိုအပ်မှု အနည်းဆုံးဖြင့်ဆောင်ရွက်နိုင်မည့် ခေတ်မီစက်ကိရိယာများကို အသုံးပြုဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ရှိ သည့်သီးနှံများကို စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် သီးနှံထွက်ကုန်များကို ပြည်ပသို့ကုန်ကြမ်းတင်ပို့ခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ်ထုတ်လုပ်၍ တင်ပို့နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ပြောင်းသီးနှံမှ စားသောက်ကုန်များကိုသာမက တိရစ္ဆာန်အစာများကိုလည်း ထုတ်လုပ်နိုင်သဖြင့် ပြည်တွင်း၌လိုအပ်ချက်ရှိသကဲ့သို့ ပြည်ပဈေးကွက် ရရှိသဖြင့် ပြောင်းစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

 

မိမိတို့နိုင်ငံ၏ အဓိကအသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါထုတ်ပေးထားသည့် ရင်းနှီးမတည်ငွေများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် အကျိုးဖြစ်ထွန်းနိုင်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အဆိုပါထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများသည်တစ်ဦး တစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်း၏ အကျိုးအတွက်ထုတ်ပေးထားခြင်း မဟုတ်ဘဲ အများကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်ကြောင်း။

 

အချို့ဒေသများရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စိုက်ပျိုးရေလိုအပ်ချက်ရှိခြင်းကြောင့် အောင်မြင်အောင်စိုက်ပျိုးရန်အတွက် အခက်အခဲရှိကြောင်း၊ အဆိုပါစိုက်ပျိုးရေလိုအပ်မှုကို အထောက်အကူဖြစ်စေရန်အတွက် ထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အသုံးပြု၍နေ ရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်၍ ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

 

မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် မြို့ကွက်များစနစ်တကျရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို ချွေတာရန်လိုကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုများကို လျှော့ချဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ကား တင်သွင်းမှုနှင့် ပတ်သက်၍ အခွန်ငွေများကိုလျှော့ချပြီး တင်သွင်းခွင့်ပေးထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကိုဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြင့်အောင်မြင်မှုရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသအလိုက်ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွက် တိုင်းဒေသကြီးတစ်ခုလျှင်ငွေကျပ် ၁၀ ဘီလီယံစီကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် တိုင်းဒေသကြီးတစ်ခုလျှင် ငွေကျပ် ၈ ဘီလီယံစီကိုလည်းကောင်း ပေးအပ်ရာ ဝန်ကြီးချုပ်များက လက်ခံရယူခဲ့ကြကြောင်းသတင်းရရှိသည်။

Newspaper - 2736 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download