ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးက အမျိုးသားရေးကိစ္စတစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့အားလုံးနဲ့ အကျုံးဝင်တာမို့ အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမယ်
ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးက အမျိုးသားရေးကိစ္စတစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့အားလုံးနဲ့ အကျုံးဝင်တာမို့ အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမယ်
Ministry of Information/ Naypyitaw / May 31, 2025

ဦးအောင်နိုင်ဦး
ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့က စီစဉ်ကျင်းပသည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ပထမရက်အဖြစ် မေ ၃၀ ရက် က ကျင်းပရာ ဦးဆောင်ဆွေးနွေးကြသူများနှင့် လေ့လာသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-
ဦးအောင်နိုင်ဦး ပြည်ထောင်စုဝန်ကြီး (ငြိမ်း)
ဒီနေ့ဆွေးနွေးပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အပိုင်းနှစ်ပိုင်း ပြောသွားတယ်။ ပထမပိုင်းကမူဝါဒပိုင်းဆိုင်ရာ၊ ဒုတိယပိုင်းက သုံးသပ်ချက်နဲ့ လိုလားချက်တွေကို ပြောသွားတယ်။ အဲဒါဟာ ဖိုရမ်တစ်ခုလုံးရဲ့ လမ်းညွှန်သဖွယ်ပဲဖြစ်ပါတယ်။ ဦးဆုံးသုံးသပ်ဆွေးနွေးမှုမှာ ပုဂ္ဂလိကကအဖွဲ့တွေက တိုတိုရှင်းရှင်းနဲ့ ဆွေးနွေးသွားတာတွေရတယ်။ အထူးသဖြင့် ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ ဆွေးနွေးသွားတယ်။ တော်တော်လေးပြည့်စုံတယ်။ အခုဆွေးနွေးလို့ ပြီးတဲ့အချိန်အထိ ဖော်ထုတ်ချက်တွေ အများကြီးထွက်လာနိုင်တဲ့ ဖိုရမ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ကျွန်တော်က စီးပွားရေး ပြန်လည်ကုစားမှုအပိုင်းမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ငလျင်အလွန် စီးပွား ရေး ပြန်လည်ထူထောင်ရေးကို အထူးသဖြင့် အစိုးရဘက်က လုပ်ပေးရမှာလည်းရှိတယ်။ ပုဂ္ဂလိက အပိုင်းကလည်း လုပ်ပေးရမှာရှိတယ်။ တချို့ကဏ္ဍတွေက အစိုးရရော၊ ပုဂ္ဂလိကရောပူးပေါင်းပြီးလုပ်ရမယ်။ အားလုံးပူးပေါင်းဆောင်ရွက် နိုင်မယ်ဆိုရင် ငလျင်အလွန်စီးပွားရေး ပြန်လည်ထူထောင်မှုက ပိုကောင်းပြီး အရှိန်မြန်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။
အဓိကကတော့ ငလျင်ကိုပြန်လည် ကုစားရတာဖြစ်တဲ့အတွက် သမားရိုးကျလုပ်နည်းကိုင်နည်းနဲ့တော့ လုပ်လို့မရဘူး။ အစိုးရဘက်က ပြောင်းလဲသင့်တာ တွေကိုလည်း ပြုပြင်ပြောင်းလဲပေးရမယ်။ ပုဂ္ဂလိကအပိုင်းကလည်း ပါဝင်ဆောင်ရွက်ရမယ့်ကိစ္စတွေရှိရင်လည်း ပါဝင်ဆောင်ရွက်ရမယ်။ ခြုံပြောရမယ် ဆိုရင်တော့ သမားရိုးကျလုပ်ရိုးလုပ်စဉ်နဲ့တော့သွားလို့မရဘူး။ ပြောင်းသင့်တာ ပြောင်းပြီး ပြင်သင့်တာတွေပြင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒီဖိုရမ်ကို လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့တစ်ရက်တာ ဆွေးနွေးချက်တွေကို နောက်ရက်မှာ ပြန်လည်သုံးသပ်မယ့် အစီအစဉ်တစ်ခုရှိပါတယ်။ အဲဒီအစီအစဉ်ကျရင် သက်ဆိုင်ရာဌာန တွေက တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးချက်တွေကို အစိုးရဘက်က ဘယ်လိုလုပ်မလဲ၊ ပုဂ္ဂလိကဘက်ကရော ဘယ်လိုလုပ်မလဲဆိုတာ မနက်ဖြန် မနက်ကျရင် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှာဖြစ်ပါတယ်။ လက်တွေ့အကောင်အထည် ဖော်တဲ့အခါမှာ၊ ပြန်လည်ထူထောင်တဲ့ နေရာမှာ သဘာဝဘေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှု တွေရှိတယ်။ အဲဒီထဲမှာ စီးပွားရေးသက်ရောက်မှုက အဓိကကျတယ်။ စီးပွားရေးသက်ရောက်မှုကို မြန်မြန်ကုစားနိုင်ရင် ကျန်တဲ့အပိုင်းတွေကလည်း ကျွဲကူးရေပါဖြစ်လာမယ်။ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးက အမျိုးသားရေးကိစ္စတစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့အားလုံးနဲ့အကျုံးဝင်တာမို့ အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက် ကြရပါမယ်။
ဒေါက်တာရင်ရင်နွယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ အကြံပေးအဖွဲ့ဝင်
ကျွန်မတို့နိုင်ငံက မန္တလေးငလျင်ကြီးဖြစ်စ နာရီပိုင်းအတွင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ စတင်ခဲ့တယ်။ ပထမ ၇၂ နာရီ၊ ပထမလအတွင်း လူသားချင်းစာနာတဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးခဲ့တယ်။ စီးပွားရေးဆိုတာကလည်း တစ်ချိန်မဟုတ်တစ်ချိန် ပြန်စရမှာပဲ။ နိုင်ငံတကာမှာလည်း ထိခိုက်မှုတွေကြုံတဲ့အခါ recovery လုပ်ကြတာပဲ။ အခုဖိုရမ်မှာ နိုင်ငံတော်အကြီးအကဲ အပါအဝင်အားလုံးက တက်တက်ကြွကြွ ဆွေးနွေးသွားကြတယ်။ လှုပ်ရှားမှုရှိနေတဲ့၊ အမြဲဖြစ်နိုင်တဲ့ ငလျင်ဇုန်အတွင်းမှာရှိနေတဲ့ နိုင်ငံဖြစ်တာကြောင့် အားလုံးကသတိပြုကြရမယ်။ အချိန်မရွေး၊ နေရာမရွေး ကြုံလာနိုင်လို့ စိန်ခေါ်မှုတွေ ကြားထဲမှာ လက်ရှိအရေးကြီးဆုံး စိန်ခေါ်မှုက အခြေခံအဆောက်အအုံတွေ ပြန် လည်တည်ဆောက်ရေးဖြစ်တယ်။ အရင်က စည်းကမ်းအားနည်း၊ စနစ်မကျတည်ဆောက်ခဲ့တဲ့ ဆောက်လုပ်ခြင်းတွေရဲ့ အကျိုးဆက်အဖြစ် ကျွန်မတို့အခု ပြိုပျက်မှုတွေကြုံရတယ်။ တစ်လမ်းတည်း၊ တစ်ရပ်ကွက်တည်းတောင် စနစ်တကျ မတည်ဆောက်ထားမိရင်၊ ဆောက်လုပ်ရေးနည်းစနစ်မှားရင် ပျက်စီးရတယ်။ စနစ်တကျတည်ဆောက်တဲ့ တိုက်တာတွေ မပြိုလဲဘဲ ကျန်နေတယ်။ ဒါကို သတိထားရမယ်။
ငလျင်က ဘယ်အချိန်၊ ဘယ်နေရာမှာ လှုပ်မယ်ဆိုတာ အတိအကျမသိနိုင်ဘူး။ ဒီနေ့ ဆွေးနွေးပွဲကနေ စီးပွားရေးကဏ္ဍ အသီးသီးအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မက ဆွေးနွေးပွဲမှာ စီးပွားရေးကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်းခေါင်းစဉ်နဲ့ တတိယပိုင်းမှာ ပါဝင်ဆွေးနွေးသွားဖို့ရှိပါတယ်။ အဓိကကတော့ နိုင်ငံတကာက သဘာဝဘေး အန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုတွေ၊ ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေအကြောင်း ဆွေးနွေးပါမယ်။
ဦးအေးဝင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ
ဒီဖိုရမ်က အခုကာလမှာ အလုပ်သင့်ဆုံးဖိုရမ်ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိအခြေအနေအရ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့လုပ်ငန်းတွေ၊ ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံ တွေရှိတယ်။ ဒါတွေက အမြန်ဆုံးပြန်လည်တည်ဆောက်ဖို့ လိုနေတယ်။ တစ်ချိန်တည်းမှာပဲ ငလျင်ဒဏ်ကြောင့် တိုက်ရိုက်ထိခိုက်သွားတဲ့ ဒေသအတွင်းက လုပ်ငန်းတွေ၊ သွယ်ဝိုက်ထိခိုက်သွားရတဲ့လုပ်ငန်းတွေ၊ အခြေခံအဆောက်အအုံ တွေအားလုံးကို အခုအချိန်မှာ ပြန်လည်နာလန်ထူဖို့ မဖြစ်မနေလုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့က ဘယ်နေရာ၊ ဘယ်ဒေသမှာ စီးပွားရေးက ဘယ်လောက်ထိခိုက် သလဲဆိုတာကို၊ ဘယ်လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်မလဲဆိုတာကို သေချာသိဖို့လိုတယ်။ ဒါကြောင့် ဆွေးနွေးပွဲကနေ စီးပွားရေးကဏ္ဍအသီးသီးက လုပ်ငန်းရှင်တွေ၊ ထိခိုက်ခံစားရတဲ့ လုပ်ငန်းရှင်တွေ၊ အစိုးရတာဝန်ရှိသူတွေ အားလုံးက ပူးပေါင်းပြီး အဖြေရှာကြတာပဲဖြစ်ပါတယ်။
ဒီလိုမျိုး ပြန်လည်ထူထောင်ရေး အတွက်ဆိုရင် နောက်ထပ်သော ဆွေးနွေးပွဲတွေလည်း လုပ်ကြရမှာဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ပူးပေါင်းပေးဖို့ ကုန်သည်/စက်မှုအသင်းချုပ်က အဆင်သင့်ရှိနေပါတယ်။ လိုအပ်တဲ့စာရင်း ဇယားတွေ၊ အခြေခံအချက်အလက်တွေကို နိုင်ငံတော်က ပြုစုဆောင်ရွက်မယ်။ ကျွန်တော်တို့ ပုဂ္ဂလိကဘက်ကတော့ ကျွန်တော်တို့ ကဏ္ဍအသီးသီးရဲ့ရှုထောင့်၊ ကျွန်တော်တို့ရဲ့ အမြင်နဲ့ဘယ်ကဏ္ဍကတော့ ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာမျိုး၊ ဘယ်အရာကို အရင်ဆုံးပြန်လည် ကုစားမလဲဆိုတာမျိုးကို ကျွန်တော်တို့ဘက်ကနေ ဆွေးနွေးအကြံပြုသွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ကအစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းမှုက အရင်အချိန်ထက် ပိုအရေးကြီးပါတယ်။
ကမ္ဘာမှာလည်း လက်ရှိမှာ ပထဝီနိုင်ငံရေး ပြောပြော၊ ပထဝီစီးပွားရေး ပြောပြော ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့လည်း ကြုံနေရတယ်။ ပိုဆိုး တာက ကျွန်တော်တို့က သဘာဝဘေးကိုပါ ဆိုးရွားစွာရင်ဆိုင်ခဲ့ရတယ်။ ဒါကြောင့် အများကြီးကျော်ဖြတ်ကြရမယ်။ ဒါကို အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူသုံးဖက်စလုံးက ပူးပေါင်းအဖြေရှာပြီး ဆောင်ရွက်ရမယ်။ မြေပြင်မှာ အမှန်တကယ်အသုံးပြုလို့ရမယ့်၊ လက်တွေ့ကျမယ့် အချက်တွေကို ဆွေးနွေးပေးကြဖို့လိုတယ်။ ဒီဖိုရမ်က စီးပွားရေး ပြန်နာလန်ထူနိုင်ဖို့ ဖြစ်သင့်တဲ့ အစီအမံတွေ ချမှတ်နိုင်ဖို့ ဆွေးနွေးဖော်ထုတ်ကြဖို့ အားလုံးကိုလည်း တိုက်တွန်းပါတယ်။ ပျက်စီးထိခိုက်မှုတွေမှာ သိရှိရသလောက် ရိုးရာရက်ကန်းလို အထည်လုပ်ငန်းတွေ အများကြီးထိခိုက်တာတွေ့ရတယ်။ ကျွန်တော်တို့ ပြန်လည် ကုစားတဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍ အားလုံးကို လွှမ်းခြုံနိုင်ဖို့လိုအပ်တယ်။ အဲဒီအတွက် မူဝါဒပိုင်းတွေ ပြောင်းလဲချမှတ်ပေးဖို့ လိုအပ်သလို ပုဂ္ဂလိကကလည်း ပူးပေါင်းပေးကြဖို့ တိုက်တွန်းပါတယ်။
ဦးရဲမင်းအောင်
မြန်မာနိုင်ငံ ဆန်စပါးအသင်းဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ
ဒီကနေ့ဆွေးနွေးပွဲမှာ မျိုး၊ မြေဩဇာလိုအပ်ချက်တွေက မွေးမြူရေးမှာလည်းလိုတယ်၊ စိုက်ပျိုးရေးမှာလည်းလိုတယ် ဆိုတဲ့အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ဆေးဝါးတွေလိုသလို မွေးမြူရေးနဲ့ပတ်သက်တဲ့ ဆေးဝါးတွေလည်းလိုတယ်။ အဓိကကတော့ ငလျင်ဘေးဒဏ်ထိခိုက်မှုတွေကို စနစ်တကျစာရင်းပြုစုပြီး တင်ပြဖို့လိုပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် လိုအပ်ချက်တွေကို တစ်ဦးတစ်ယောက်ချင်းတော့ စုရတာခက်မယ်။ အစုအဖွဲ့လေး အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းက အရေးကြီးသလို ပုဂ္ဂလိကကဏ္ဍအတွင်းမှာလည်း ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အနေအထားတွေရှိတယ်။ ပုဂ္ဂလိကအချင်းချင်း ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အပိုင်းလေးတွေလည်း ရှိပါတယ်။
ချေးငွေပိုင်းဆိုင်ရာမှာ ကာလတို၊ ကာလလတ်ချေးငွေတွေရှိသလို နှစ်ရှည်ချေးငွေတွေလည်းရှိတယ်။ ချေးငွေဆိုတဲ့ နေရာမှာ အရင်းအနှီးအတွက်ချေးငွေလေး တွေ ဆောင်ရွက်ပြီး လုပ်ဖို့လိုပါတယ်။ ဒီနေ့ဆွေးနွေးပွဲရဲ့ သုံးသပ်ဖော်ထုတ်ချက်တွေနဲ့ မနက်ဖြန်မှာလည်း သုံးသပ်ဖော်ထုတ်ချက်တွေ လုပ်မှာဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း စဉ်တွေလုပ်တဲ့အခါမှာ အရေးကြီးဆုံး အချက်က လွယ်ကူလျင်မြန်ဖို့လိုသလို ထိရောက်ဖို့လည်းလိုပါတယ်။ အစိုးရဘက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ရှိတယ်။ အဆင့်တွေများရင် လျှော့ပစ်ရမယ်။ ပုဂ္ဂလိကအပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမှရမယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံး ဒီလိုလုပ်တာဖြစ်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ သုံးသပ်ဖော်ထုတ်ချက်တွေအပေါ်မှာ ဆက်လုပ်သွားဖို့လိုပါတယ်။
ဒေါက်တာနိုင်ဆွေဦး
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ဒုတိယပိုင်းဖြစ်တဲ့ စီးပွားရေးပြန်လည်ထူထောင်ခြင်းအတွက် စိန်ခေါ်မှုများနဲ့ အခွင့် အလမ်းများအပိုင်းမှာ သဘာပတိအနေနဲ့ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ငလျင်နဲ့ပတ်သက်ပြီး ဥပဒေတွေ၊ စံချိန်စံညွှန်းတွေရှိပါတယ်။ အဲဒါကတော့ အနာဂတ်မှာ ဘယ်လိုဥပဒေတွေ၊ စံချိန်စံညွှန်းတွေ သတ်မှတ်သင့်တယ် ဆိုတာတွေ၊ အဆောက်အအုံတွေ ကြံ့ခိုင်မှုရှိဖို့ ဘယ်လိုလုပ်ဆောင်သင့်တယ် ဆိုတာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့အခါ အာမခံကဏ္ဍကအရေးကြီးပါတယ်။ ဒီကဏ္ဍမှာဆိုရင် ထိခိုက်ဆုံးရှုံးမှုတွေနဲ့ အသက်အိုးအိမ်ပျက်စီး ဆုံးရှုံးမှုတွေအပေါ် ပေးလျော်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
ဒီဝန်ဆောင်မှုတွေအပေါ် သူတို့ဘက်က အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိသလဲ၊ ကျွန်တော်တို့ဘက်ကလည်း ဘယ်လိုကောင်းမွန်အောင်လုပ်ပေး သင့်သလဲဆိုတာကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်တဲ့အခါ နိုင်ငံတော်အစိုးရနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာအရေးကြီးပါတယ်။ ဒီဖိုရမ်မှာ ပါဝင်ဆွေးနွေးကြတဲ့ ဆွေးနွေးချက်တွေဟာ နိုင်ငံတော်က မူဝါဒတွေချမှတ်တဲ့ အခါမှာ အထောက်အကူရစေဖို့အတွက် အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။
ဒေါ်မာလာညွန့်
မြန်မာနိုင်ငံအာမခံအသင်း ဒုတိယဥက္ကဋ္ဌ
ကျွန်မတို့က အာမခံအသင်းဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်းတွေ၊ ကုမ္ပဏီတွေရှိတယ်။ သူတို့ကိုယ်စား အာမခံရှုထောင့်ကနေပြီး ငလျင်ကြီးပြီးတဲ့ နောက်ပိုင်းမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိမလဲ၊ ဘယ်လိုအခွင့်အလမ်းတွေရှိမလဲဆိုတာကို ဆွေးနွေးခွင့်ရပါတယ်။ ကျွန်မတို့လုပ်ငန်းက လူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတဲ့အခါ ပြန်လည်ကုစားဖို့၊ ပြန်လည်ထူထောင်ဖို့ ငွေရေးကြေးရေးအထောက် အပံ့ပေးတဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်။ ဒီဟာကလည်း နိုင်ငံတော်ကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြန်လည်ကုစားဖို့ အစီအစဉ်ဖြစ်တာကြောင့် အများကြီးစိတ်ဝင်စားပါ တယ်။ ကျွန်မတို့ အာမခံလုပ်ငန်းက သဘာဝဘေးအန္တရာယ်နဲ့ ဆက်စပ်နေတော့ ကျွန်မတို့အတွက် အကျိုးရှိတဲ့ အကြံဉာဏ်ကောင်းတွေလည်း ဒီသုံးသပ်ဆွေးနွေးပွဲကနေ ရရှိမယ်လို့ ယုံကြည်ပါတယ်။ သဘာဝဘေးအပါအဝင် လူတို့ရဲ့ အသက်နဲ့အိုးအိမ်စည်းစိမ်တွေ ထိခိုက် ပျက်စီးမှုနဲ့ကြုံတဲ့အခါ အာမခံသာထားရှိ ခဲ့မယ်ဆိုရင် အထိုက်အလျောက်ခံသာ နိုင်တယ်ဆိုတဲ့ အသိပညာကိုလည်း ဆွေးနွေးပွဲကနေတစ်ဆင့် လုပ်ငန်းရှင်တွေကို အသိပညာပေးနိုင်ခဲ့ပါတယ်။ အာမခံလုပ်ငန်းကဏ္ဍမှာ ငလျင်ကြီးကြောင့် အာမခံလုပ်ငန်းတွေလည်း အာမခံငွေထုတ်ပေးခဲ့ကြရတယ်။ ငလျင်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ သဘာဝဘေးအန္တရာယ် ဆိုတဲ့အတွက် ကျွန်မတို့ကလည်း နှုန်းထားချိုချိုသာသာနဲ့ အာမခံရောင်းချ ခဲ့တာဖြစ်တော့ အာမခံကုမ္ပဏီထောင်ခဲ့တဲ့ ၁၀ သက်တမ်းမှာ ယူထားတဲ့အာမခံ ပရီမီယံကြေးနဲ့တွက်ရင် ကိုယ်လျော်ရမယ့် ငွေကြေးက များပြားတာတော့ ရှိပါတယ်။ နိုင်ငံတကာမှာတော့ ငလျင်ကို မီးအာမခံနဲ့ တွဲဖက်ရောင်းတာမျိုး မဟုတ်ဘဲ သီးသန့်ရောင်းချကြတာမျိုး ရှိပါတယ်။ နောက်ပိုင်းမှာ အဲဒီလိုအစီအစဉ်တွေလည်း စဉ်းစားနေကြပါတယ်။ အာမခံလုပ်ငန်းဆိုတာ လုပ်ငန်းသဘာဝအရ လျော်နိုင်မယ့်အင်အားလည်းရှိဖို့ ပြင်ဆင်ထားကြရတာကြောင့် လုပ်ငန်းပြိုလဲသွားတဲ့အထိ ဖြစ်စဉ်မျိုးတော့မဖြစ်ခဲ့ပါဘူး။ ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ကျွန်မတို့ ပုဂ္ဂလိကအာမခံလုပ်ငန်းတွေက ပြည်သူတွေယုံကြည်မှုကိုလည်း တည်ဆောက်ရတာကြောင့် ဈေးနှုန်းမြင့်တက်ဖို့ကိုလည်း လက်ရှိမှာ လုပ်ဆောင်ဖို့ခက်ခဲပါတယ်။ ဒီလိုငလျင်မျိုးသာ ခပ်စိပ်စိပ်လှုပ်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ တစ်နိုင်တစ်ပိုင်လုပ်ငန်းထက် တစ်ဆင့်ခံအာမခံ ဆိုတာမျိုးကိုထားရှိဖို့ လိုအပ်လာမယ်လို့ထင်ပါတယ်။
Mr. Sanjay A K Tripathi
IRCON INTERNATIONAL LIMITED MYANMAR
ငလျင်ဘေးအလွန် စီးပွားရေး ပြန်လည်ကုစားရေးနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ရာမှာ ပျက်စီးသွားတဲ့အဆောက်အအုံတွေအတွက် ဘဏ်ချေး ငွေအတိုးနှုန်းသက်သာတဲ့ အစီအစဉ်မျိုးနဲ့ နှစ်ရှည်အစီအစဉ်မျိုး ပေးအပ်နိုင်ဖို့လိုပါတယ်။ နောက်တစ်ခုက ပြန်လည်တည်ဆောက်ရေးတွေမှာ မိမိနေအိမ်ကို ချေးငွေစနစ်နဲ့ မိမိကိုယ်တိုင်ဆောက်မလား၊ နိုင်ငံတော်အစီအမံနဲ့ နှစ်ရှည်ချေးငွေစနစ်နဲ့ လုပ်ဆောင်မလားစတဲ့ နည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် အိမ်ဆောက်ပစ္စည်းတွေက မြန်မာနိုင်ငံနဲ့ယှဉ်ရင် ဈေးသက်သာတယ်။
အိမ်ခြံမြေဆိုင်ရာ အဆောက်အအုံအများစုက ငလျင်လှုပ်ပြီးနောက် ပြိုကျတဲ့ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းက တော်တော်မြန်ဆန်လာပါလိမ့်မယ်။ အရေးအကြီးဆုံးက ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ငွေကြေးထောက်ပံ့မှုရှိနေဖို့ပါ။ ဘဏ်တွေကလည်း တောင်းဆိုသူတွေအတွက်လိုအပ်တဲ့ ငွေထုတ်ပေးဖို့ စနစ်တကျလုပ်ဆောင်ဖို့ လိုအပ်တယ်။ အစိုးရကလည်းပံ့ပိုးမယ်၊ ပုဂ္ဂလိက ကဏ္ဍကလည်း လိုက်ပါမယ်၊ ပြည်သူကလည်း ပူးပေါင်းမယ်ဆိုရင် အမြန်ဆုံးအောင်မြင်လာမှာပါ။
သတင်းအဖွဲ့
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
