တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ


Ministry of Information/ Naypyitaw / June 05, 2026
image_latest


နေပြည်တော် ဇွန် ၄

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၅၈ ဦး တက်ရောက်သဖြင့် ၉၉ ဒသမ ၆၄ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မိမိတို့ ဥပဒေပြုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အကြီးအကဲဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာဝန်ကြီးဌာန အရေအတွက်နှင့်အမည်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်ပုဂ္ဂိုလ်များ ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် သဘောတူညီချက် ရယူပေးခြင်းများ၊ တရားစီရင်ရေး မဏ္ဍိုင်ဆိုင်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးနိုင်ရေးလွှတ်တော်၏ သဘောတူညီချက်များကို ရယူပေးနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များကိုလည်း လွှတ်တော်၏သဘောတူညီချက် ရယူပေးနိုင်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဆက်လက်လျှောက်လှမ်းမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း။

ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးမှစတင်ပြီး ဥပဒေပြုရေးအာဏာကို အကောင်အထည်ဖော် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏အသံကို ကိုယ်စားပြုသော၊ ပြည်သူများ၏ အခြေခံအခွင့် အရေးနှင့် တရားမျှတမှုကို ကာကွယ်ပေး သောဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ မိမိတို့ နိုင်ငံ ခေတ်စနစ်နှင့် ကိုက်ညီမှုရှိစေမည့် ဥပဒေအသစ်များ ပြဋ္ဌာန်းပေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်စဉ်နိုင်ငံတော်၏ ဘတ်ဂျက်၊ အမျိုးသားစီမံကိန်းနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြသည့်အခါ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ တာဝန်၊ လုပ်ပိုင်ခွင့်၊ ကျင့်ဝတ်နှင့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်မှာ မိမိတို့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ စည်းကမ်းစနစ်ကျနမှု၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို လေးစားလိုက်နာမှုနှင့် အရည်အသွေးမြင့်မားမှုများအပေါ်တွင် မှီတည်နေကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များ၏ ဆောင်ရွက်ချက်တိုင်းသည် နိုင်ငံတော်၏အကျိုးစီးပွားနှင့် ပြည်သူ များ၏ အကျိုးစီးပွားကို အမှန်တကယ် အကျိုးပြုစေမည့် ဆောင်ရွက်ချက်များ ဖြစ်ရန်လိုကြောင်း၊ နိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားများ၏ လိုအပ်ချက်များ၊ မျှော်မှန်းချက်များကို သိရှိအောင် ဆောင်ရွက်ပြီး ဥပဒေပြုရေး အခန်းကဏ္ဍမှတစ်ဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးတို့အတွက် ချမှတ်ထားသည့် အဓိကမူဝါဒလမ်းစဉ်များအတိုင်း အရှိန်အဟုန်ဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူလူထု၏အရေးတကြီး လိုအပ်ချက်များကို အချိန်တိုအတွင်း ထိရောက်အောင်မြင်စွာ ဖြည့်ဆည်းပေးနိုင်ရေး ပြည်သူ့အတွက် “ပထမရက် ၁၀၀ စီမံချက်” ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များနှင့် လုပ်ငန်းစဉ်များအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များ၏ အပြန်အလှန်ထိန်းကျောင်းတည့်မတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေများအလိုက် စီမံချက်ပါလုပ်ငန်းစဉ်များ မြေပြင်တွင် ထိရောက်မှု ရှိ၊ မရှိ ပြည်သူလူထုထံသို့ အကျိုးကျေးဇူးများ တိုက်ရိုက်သက်ရောက်မှု ရှိ၊ မရှိကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်၏ ကောင်းမွန်သည့် ခြေလှမ်းများကို ပိုမိုတွန်းအားပေး ကူညီကြရန်နှင့် လိုအပ်သည်များကိုလည်း လွှတ်တော်ယန္တရားမှတစ်ဆင့် အပြုသဘောဆောင်လျက်ပူးပေါင်းဖြည့်ဆည်း ပံ့ပိုးပေးကြရန် တိုက်တွန်းလိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို ထပ်လောင်းပြောကြားလိုကြောင်း၊ မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူလူထု၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ရှေးရှုပြီး လွှတ်တော်သို့ တင်သွင်းလာသည့် ဥပဒေ ကြမ်းများကို စိစစ်ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးကြရာတွင် အချက်သုံးချက်နှင့် အလေးထား စဉ်းစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

ပထမအချက်အနေဖြင့် ပြည်သူဗဟိုပြုစဉ်းစားတွေးခေါ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဆွေးနွေးမည့် ဥပဒေကိစ္စရပ်တိုင်းသည် ပြည်သူလူထု၏ တစ်နေ့တာ လူမှုစီးပွားဘဝများအပေါ် မည်သို့သက်ရောက် မှု ရှိမည်ကို အစဉ်အမြဲရှေ့တန်းတင် စဉ်းစားကြရမည်ဖြစ်ကြောင်း။

ဒုတိယအချက်အနေဖြင့် မျှတစွာထိန်းကျောင်းတည့်မတ်ခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ငန်းဆောင် ရွက်ချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ဘောင်အတွင်းက ထိရောက်စွာ စိစစ်တည့်မတ်ပေးပြီး ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်အကြံပြုကြရန်ဖြစ်ကြောင်း။

တတိယအချက်အနေဖြင့် စည်းလုံးညီညွတ်မှုကို ရှေးရှုခြင်းဆိုသည့် မတူကွဲပြားသော အမြင်များကို အပြန်အလှန်လေးစားမှုဖြင့် အပြုသဘောဆောင်ဆွေးနွေးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို ညီညီညွတ်ညွတ် ချမှတ်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း။

ယနေ့နိုင်ငံတော်အစိုးရက ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်ရန်အတွက် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့မဲဆန္ဒနယ်မြေအသီးသီးက ပြည်သူလူထုနှင့် အစိုးရဌာနများအကြား ခိုင်မာသည့် “ပေါင်းကူး တံတားတစ်စင်း” သဖွယ်ကူညီချိတ်ဆက်ပေးကြရန် လိုအပ်ကြောင်း၊ မြေပြင်တွင် အမှန်တကယ်လိုအပ်နေသည့် ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများနှင့် သဘောထားအမြင်များကို စနစ်တကျပြုစုဆန်းစစ်ပြီး လွှတ်တော်၏ယန္တရားများဖြစ်သည့် သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များမှတစ်ဆင့် နိုင်ငံတော်အဆင့် မူဝါဒရေးရာများတွင် ထိရောက်စွာအကျိုးပြုနိုင်အောင် တင်ပြဆွေးနွေး ပေးစေလိုကြောင်း။

မိမိတို့ဆွေးနွေးမည့် ကိစ္စရပ်တိုင်းအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ကြိုတင်လေ့လာဆန်းစစ်ပြီး နိုင်ငံတကာဖြစ်ပေါ် တိုးတက်မှုများနှင့် နှိုင်းယှဉ်မြော်တွေးလျက် အနာဂတ်နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားကို ရှေးရှုနိုင်မည့် ခေတ်မီဆန်းသစ်သည့် ဥပဒေပြုရေးဆိုင်ရာ အကြံဉာဏ်များကို ဖော်ထုတ်ပေးကြလိမ့်မည်ဟု အပြည့်အဝမျှော်လင့်ပါကြောင်း။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးအစိုးရအဖွဲ့နှင့် တရားစီရင်ရေးတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်း ထားသည့်အာဏာများဖြင့် ရည်မှန်းချက်တာဝန်ကို လွတ်လပ်စွာဖော်ဆောင်ရန် ဖြစ်ကြောင်း၊ ထို့ပြင် ဒီမိုကရေစီကျင့်သုံးမှု ပုံစံတည့်မတ်မှန်ကန်စေရေးအတွက် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှု ပြုပြင်ရန်ဖြစ်ကြောင်း။ တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်စွက်ဖက်လိုသော၊ လွှမ်းမိုးလိုသော ပွတ်တိုက်မှုပုံစံမဖြစ်ပေါ်စေရန် သတိပြုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ယခုကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ရုရှားဖက်ဒရေး ရှင်းသမ္မတနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၊ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရှရီ နာရန်ဒရာမိုဒီ၊ ပါကစ္စတန်အစ္စလာမ္မစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အဇစ်အလီဇာဒါရီ၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို၊ အီရန်အစ္စလာမ္မစ်သမ္မတ နိုင်ငံသမ္မတ H.E. Dr. Masoud PEZESHKIAN၊ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ မစ္စတာကာစင် ဂျိုမတ်တိုခါယက်ဗ်၊ အီသီယိုးပီးယားဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သမ္မတ H.E.Taye Atske-Selassie၊ အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတ H.E. Mr.Abdelmadjid Tebboune ၊ နီပေါနိုင်ငံသမ္မတမစ္စတာရမ်ချန် ဒရာပေါ်ဒဲလ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတမစ္စတာ ထောင်လွန်းဆီဆုလစ်၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ် ဘိုရိုနစ်နိုရိုဒွန် သီဟာမိုနီ၊ ဘရူနိုင်းဒါရူဆလမ် နိုင်ငံဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Anutin Charnvirakul၊ နီကာရာဂွါသမ္မတနိုင်ငံ ပူးတွဲသမ္မတနှင့်ဇနီး မစ္စတာ ဒန်နီရယ်အော်တီဂါ ဆာဗေဒရာနှင့် မစ္စစ်ရိုဆာရီ ယိုမူရီလို၊ ဘူတန်ဘုရင့်နိုင်ငံ ဝန်ကြီးချုပ် ဒါရှိုရှားရင်းတော့ဘ်ဂေး၊ ကမ္ဘောဒီးယား နိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်အာခါမိုဟာ ဆီနာပါတိုင်း တဲ့ချိုဟွန်ဆင်၊ နီကာရာဂွါသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဂူစတာဗိုပေါရပ်စ်၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာ Sihasak Phuangketkeow ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးမစ္စတာ ဆာဂေးရွှိုင်းဂူ၊ တပ်မတော်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁) ဗိုလ်ချုပ်ကြီးဂါရာစီမော့ဗ်၊ ဘူရားတီးရားပြည်နယ် အကြီးအကဲနှင့် အစိုးရအဖွဲ့ဥက္ကဋ္ဌ မစ္စတာ အလက်စီ ဆမ်ဘူယဲဗစ်စီဂျယ်နော့ဗ်၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲမစ္စတာ ဘာတူခါစီကော့စ်၊ တာတာစတန် ပြည်နယ်အကြီးအကဲ မစ္စတာရုစတမ် မီနီခါနော့ဗ်၊ သမ္မတ၏အကြံပေးပုဂ္ဂိုလ် မစ္စတာအန်တွန်ကိုဗျာကော့ဗ်၊ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူး မစ္စတာတာရာ့ နီကော့ဗ်အန်ဒရေအလက်ဇန်ဒရိုဗစ်ချ်၊ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန်းဒါးဘယ်ဂ်လော့နှင့် စိန့်ပီတာ စဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ မစ္စတာရယ်ဂန်းနီ ဂရီဂေါရက်ဖ်တို့က နိုင်ငံတော်သမ္မတထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်သည်။

ဆက်လက်၍ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဒေါက်တာခိုင်ခိုင်ဆုက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီ ထွန်းကားသော ကမ္ဘာ့နိုင်ငံကြီးများထဲမှ တစ်နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် နယ်မြေချင်းထိစပ်လျက်ရှိသော ယဉ်ကျေးမှု၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ ကူးလူးယှက်နွှယ်နေသော အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါကြောင်း၊ ထိုခရီးစဉ်သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ရန်အတွက်များစွာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ဟု ယုံကြည်ပါကြောင်းနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွက် လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ပြုပါကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ထို့နည်းတူ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ပိုမိုခိုင်မာသော စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့်လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နိုင်ပါစေဟု ဆန္ဒပြုပါကြောင်း အဆိုတင်သွင်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယသမ္မတနိုင်ငံ တရားဝင်ခရီးစဉ်အား ဂုဏ်ပြုဝမ်းမြောက် လှိုက်လှဲစွာ ကြိုဆိုပါ ကြောင်း အဆိုကို မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သော ဦးဝင်းဇော်မိုးက ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် ကောင်စီဥက္ကဋ္ဌဦးစိုးဝင်း၊ အတွင်းရေးမှူး ဦးမောင်မောင်အေးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ကောင်စီဝင်များတို့အား ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ် လင်းအုန်းနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးတို့အား ခန့်အပ်တာဝန်ပေးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယစာရင်းစစ်ချုပ် ဒေါ်ခိုင်ခိုင်အောင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များအား ခန့်အပ်တာဝန်ပေးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတရုံး၏ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် အမိန့်အမှတ်(၂/၂၀၂၆) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်း အဆိုနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုအခါဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ပြီး ရွေးကောက်ပွဲများကျင်းပ၍ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်သော လွှတ်တော်အသီးသီးနှင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီဖြစ်ကြောင်း၊ သို့သော်လည်း အချို့သောအရပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိရေး၊ အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း။

ထို့ကြောင့် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၁၂ ပုဒ်မခွဲ (က)အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၆ ကို ထုတ်ပြန်၍ စုစုပေါင်း မြို့နယ် ၆၀ ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်သည့် အရေးပေါ်အခြေအနေကြေညာခဲ့ပါကြောင်း။

တစ်ဆက်တည်းမှာပင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ ရက်ပေါင်း ၉၀ အထိအတည်ဖြစ်သည့် စစ်အုပ်ချုပ်ရေးအမိန့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့် အမှတ် ၂/၂၀၂၆ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ် ၁/၂၀၂၆ ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ထိုမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို ဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာအပ်နှင်းခဲ့ပါကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ (ခ)တွင် နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့်ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၆ နှင့် အမိန့်အမှတ် ၂/၂၀၂၆ တို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန်နှင့် အဆိုပါဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည့် ရက်ပေါင်း ၉၀ ကိုလည်း ခွင့်ပြုပေးနိုင်ပါရန် နိုင်ငံတော်သမ္မတ၏ကိုယ်စား အဆိုတင်သွင်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD (500 ppm) အပေါ်ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် အခြားဒေသတွင်း နိုင်ငံများနည်းတူ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ထိန်းညှိဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်၊ ယန္တရားများနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အများဆုံးအသုံးပြုသည့် ဒီဇယ်ဆီ HSD (500 ppm)အပေါ် ကောက်ခံသည့် အထူး ကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုနိုင်ရေးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

ဒီဇယ်ဆီသည် နိုင်ငံတော်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် စွမ်းအင်အရင်းအမြစ် တစ်ခုဖြစ်သည့်အတွက် ဒီဇယ်ဆီ HSD (500 ppm)အပေါ် အခွန်ကင်းလွတ်ခွင့် ပြုခြင်းအားဖြင့် ပြည်သူလူထုအတွက် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံတော်အနေဖြင့် ဒီဇယ်ဆီ HSD(500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်းကြောင့် လျော့နည်းသွားမည့် အခွန်ငွေများကိုလည်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့် အခွန်များကို ပိုမိုကောက်ခံရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဒီဇယ်ဆီ HSD (500ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၆)၏ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် တင်ပြရခြင်းဖြစ်ပါကြောင်း အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ရုံးထံအမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို ဇွန် ၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်

Newspaper - 3547 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download