ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


Ministry of Information/ Naypyitaw / March 02, 2026
image_latest


(၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်)

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ဖြစ်သော ၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တောင်သူလယ်သမားကြီးများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် တောင်သူဦးကြီးများက အားစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုသော အဓိကလိုအပ်ချက်(၄)ချက်တို့ကို ပြည့်စုံကောင်းမွန်ရေး နိုင်ငံတော်ကလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများသည် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ ပူးတွဲလုပ်ဆောင်ကြပြီး နိုင်ငံအတွက် စားရေရိက္ခာ ထုတ်လုပ်ပေးနေသူများဖြစ်ကြပါသည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ဦးဆောင်ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင်လည်း “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းချမှတ်၍ အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများ ခင်ဗျာ

တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ရေး၊ ပြည်တွင်း၌ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားစေရေးတို့အတွက် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးကိုလည်း နိုင်ငံတော်ကအလေးထားကြိုးပမ်းလျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများအတွက် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ လက်လှမ်းမီစိုက်ပျိုးနိုင်စေရေး၊ မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့များ၊ မျိုးစေ့ထုတ်သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ ဒေသအသီးသီးရှိ သီးနှံမျိုးများအလိုက် လိုအပ်သောမျိုးစေ့များကိုရရှိနိုင်စေရန် ဌာနဆိုင်ရာမျိုးစေ့ထုတ်ခြံများမှ မျိုးစေ့ထုတ်လုပ်ငန်းနှင့် မျိုးသန့်မျိုးစေ့ပွားများလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများ လေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများကို တွဲဖက်၍ အချိန်ကိုက်အချိုးကျသုံးစွဲစေခြင်း၊ သစ်စိမ်းမြေသြဇာအတွက် ပိုက်ဆံလျှော်နှင့် ပဲမျိုးရင်းဝင်အပင်များကို စိုက်ပျိုး၍ ထယ်ထိုးမြေမြှုပ်ခြင်း၊ မြေဆွေးပုံပြုလုပ်သုံးစွဲခြင်းများကို ပညာပေးဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်အနေဖြင့်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဓာတ်မြေဩဇာများ စိုက်ပျိုးရာသီအမီရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေးမှန်ကန်စေရေးတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

အလားတူ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သီးနှံများရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများအပြင် သောက်သုံးရေရရှိရေးလုပ်ငန်းများကိုပါ နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ အနာဂတ်ရေရှားပါးလာနိုင်မှု အခက်အခဲအားဖြေရှင်းနိုင်ရန် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါးများနှင့် ရေသောက်စနစ်များကို တည်ဆောက်ပေးလျက်ရှိပါသည်။ ရာဂီမုန်တိုင်းတိုက်ခတ်ခြင်းနှင့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေးဒဏ်များကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆည်၊ တမံ၊ ရေသောက်စနစ်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို တောင်သူဦးကြီးများ၏ လိုအပ်ချက်နှင့်အညီ ဦးစားပေးပြုပြင်မှုများ လုပ်ဆောင်ပေးခဲ့ပါသည်။

ဆည်ရေသောက်ဧရိယာပြင်ပရှိ စိုက်ပျိုးရေခက်ခဲသည့် ဒေသများတွင် မြေအောက်ရေကို စက်ရေတွင်းများတူးဖော်ခြင်း၊ ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ရေပေးဝေခြင်း စသည့် ရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် ရေသွင်းစိုက်ဧရိယာစိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ယခင်တူးဖော်ပြီး စက်ရေတွင်းများတွင် ဆိုလာစနစ် ပြောင်းလဲတပ်ဆင်ခြင်း၊ မြစ်၊ ချောင်း၊ ကန်၊ မြောင်းများမှ ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသများတွင် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နည်းပညာပေးဆောင်ရွက်မှုအနေဖြင့် မျိုးကောင်းမျိုးသန့်များ ထိန်းသိမ်းခြင်းဆိုင်ရာနည်းပညာများ၊ ရေလိုအပ်ချက်နည်းသော သီးနှံများရွေးချယ်စိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများ၊ ရေငတ်ဒဏ်၊ မိုးခေါင်ဒဏ်၊ ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော မျိုးများရွေးချယ်စိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများ၊ ရေအလေအလွင့် နည်းပါးစေသည့် စနစ်တကျ ရေသွင်းနည်းစနစ်ဆိုင်ရာ နည်းပညာများ၊ မြေဆီလွှာ၊ မျိုးစေ့၊ ပိုးမွှားရောဂါ (မြေ၊ မျိုး၊ ပိုး) ဆိုင်ရာ နည်းပညာတို့ကို ပညာပေးခြင်းအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

သီးနှံစိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေပြုပြင်ချိန်မှသည် ရိတ်သိမ်းချိန်အထိ လိုက်နာရမည့်လုပ်ငန်းစဉ်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများအား ပညာပေးခြင်း၊ နည်းပညာပေးဆွေးနွေးပွဲများ၊ စံပြကွက်များ၊ ကွင်းသရုပ်ပြပွဲများ ပြုလုပ်နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးမှ တာဝန်ရှိသူများအနေဖြင့် တောင်သူများနှင့်တွေ့ဆုံ၍ နည်းပညာပေးလုပ်ငန်းများ ဆွေးနွေးခြင်း၊ ကြုံတွေ့ရသည့် အခက်အခဲများအား ကူညီဖြေရှင်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများ ခင်ဗျာ

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ယခင်က ရိုးရာနည်းစနစ်များအပေါ်တွင်သာ အဓိကအခြေခံခဲ့သော်လည်း ယခုအခါ Artificial Intelligence (AI)နှင့် Digital Technology များကြောင့် အနာဂတ်တွင် ခေတ်မီစိုက်ပျိုးရေးစနစ် (Smart Farming)သို့ အသွင်ကူးပြောင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ တောင်သူဦးကြီးများအနေဖြင့် မျိုးစေ့ချချိန်မှ ရိတ်သိမ်းချိန်အထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် AI အခြေပြု Application များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ပါက စမတ်ဖုန်းဖြင့် သီးနှံအရွက်ကို ဓာတ်ပုံရိုက်ရုံမျှဖြင့် ကျရောက်နေသော ပိုးမွှားရောဂါများကို စက္ကန့်ပိုင်းအတွင်း တိကျစွာဖော်ထုတ်၍ ထိန်းချုပ်နိုင်ခြင်း၊ ဒေသအလိုက် မိုးလေဝသခန့်မှန်းချက်များအပေါ်အခြေခံ၍ ရေသွင်းခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို စနစ်တကျစီမံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် တောင်သူများအကြား ဒစ်ဂျစ်တယ်အသိပညာ (Digital Literacy) မြင့်မားလာခြင်းနှင့်အတူ ပညာရှင်များနှင့် တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်ခြင်း၊ ရေဒီယိုနှင့် တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းတို့မှတစ်ဆင့် ဝန်ဆောင်မှုများပေးနိုင်ခြင်း၊ နည်းပညာပေးလက်ကမ်းစာစောင်များရှိ QR Code များမှတစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်ခြင်းတို့ကြောင့် အသိပညာပြန့်ပွားမှု ထိရောက်မြန်ဆန်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ AI နည်းပညာနှင့် ဒစ်ဂျစ်တယ်အသိပညာများ တိုးတက်မြင့်မားသုံးစွဲနိုင်ရန် နိုင်ငံတော်မှလည်း ကြိုးပမ်းအားထုတ်ပေးနေပါသည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချရေးနှင့် ပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်သုံးစွဲနိုင်ရေး ရည်မှန်းချက်ဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို လက်ရှိစိုက်ပျိုးထုတ်လုပ်မှုထက် အရည်အသွေးနှင့် အထွက်နှုန်းပါ ပိုမိုကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်ပေးကြပါရန် အလေးထားတိုက်တွန်းမှာကြား လိုပါသည်။

လူတစ်ဦး တစ်နှစ်လိုအပ်သည့် ဝတ်ရေးဖူလုံစေရန်၊ ပိုလျှံသည်များ ပြည်ပသို့တင်ပို့ရောင်းချရန်နှင့် သွင်းကုန်အစားထိုးရန် ရည်မှန်း၍ အရည်အသွေးအဆင့်အတန်းမီ ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်ကြရန်လိုအပ်ပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ ၄ နှစ်တာကာလအတွင်း စိုက်ဧရိယာဧက ၆ သိန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းပိဿာ ၇၀၀ ရရှိရေးနှင့် အရည်အသွေးကောင်း ဝါနှင့်ဝါဂွမ်းများ ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဝါစိုက်တောင်သူဦးကြီးများအနေဖြင့်လည်း တက်ကြွစွာပါဝင်ကြိုးစားကြရန် တိုက်တွန်းလိုပါသည်။ နိုင်ငံတော်မှလည်း အရည်အသွေးမြင့် ဝါမျိုးကောင်းမျိုးသစ်များ ထုတ်လုပ်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထွက်ရှိလာသော ဝါနှင့် ဝါဂွမ်းများကို စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဝါကြိတ်စက်များ၊ ချည်မျှင်စက်ရုံများ၏ ပြည်တွင်းကုန်ကြမ်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး စီမံပေးထားပြီးဖြစ်ပါသည်။

ဟင်းသီးဟင်းရွက်သီးနှံများတွင် အရည်အသွေးထိန်းသိမ်းခြင်း၊ ရိတ်သိမ်းချိန်လွန် ခေတ်မီနည်းပညာများအား စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ Virtual နည်းဖြင့်လည်းကောင်း၊ In person နည်းဖြင့်လည်းကောင်း နည်းပညာဖြန့်ဝေပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလားတူ နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ ကြံ၊ ဝါး စသည့် သီးနှံများဖြင့် Agro-based Industry တည်ထောင်နိုင်ရေးအတွက် စက်မှုကုန်ကြမ်းထုတ်လုပ်မှုတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများ ခင်ဗျာ

နိုင်ငံတော်၏ လယ်ယာ၊ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးရန် အလယ်အလတ်အဆင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ၁၅ ကျောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း ၈၉ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

နိုင်ငံတော်သည် တောင်သူလယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများ သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် မိုးစပါးနှင့် ၂၀၂၆ ခုနှစ် နွေစပါးတို့တွင် အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို (၁,၁၅၀,၀၀၀)ကျပ် သတ်မှတ်ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါသည်။

“နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဆိုသည့် မူဝါဒနှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုလယ်ယာကဏ္ဍတို့ ဖွံ့ဖြိုးရေးအတွက်လည်း ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် အရည်အသွေးကောင်းမွန်သော ဆန်များပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေတိုးမြင့်ရရှိစေရန်နှင့် စပါးစိုက်တောင်သူဦးကြီးများအတွက်  အခွင့်အလမ်းကောင်းများရရှိစေရန် ရည်ရွယ်၍ Rice Export Zone (REZ) များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားကြီးများ ခင်ဗျာ

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကြောင့် မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုပျိုးထောင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း စသည့် အဆင့်တိုင်းတွင် စက်မှုလယ်ယာစနစ်ကို ကျင့်သုံးနိုင်ရေးနှင့် မိရိုးဖလာလက်မှုလယ်ယာစနစ်မှ ခေတ်မီစက်ကိရိယာများအသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်နိုင်ရေး စက်မှုလယ်ယာ စနစ်ကျလယ်မြေဧကကွက်များ ဖော်ထုတ်ပေးခြင်းကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။ တစ်ဖက်မှလည်း လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရန်နှင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာမောင်းနှင်၊ ပြင်ဆင်ထိန်းသိမ်းမှုသင်တန်းများကို စက်မှုလယ်ယာသင်တန်းကျောင်းများ၊ စက်ပြင်အလုပ်ရုံများနှင့် စက်မှုလယ်ယာစခန်းများတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပါသည်။

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့် ဆေးဝါးများထောက်ပံ့ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မျိုးမြှင့်၊ မျိုးပွား၊ မျိုးထိန်းသိမ်းပေးခြင်းအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိ၍ ထုတ်လုပ်မှုနှုန်းထားကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေခြင်း၊ မွေးမြူရေးတောင်သူများအနေဖြင့် ဈေးကွက်နှင့် ကိုက်ညီသောမျိုးများ မွေးမြူထုတ်လုပ်နိုင်ရေး မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ မျိုးထိန်း၊ မျိုးပွား၊ သုတေသနခြံများတည်ထောင်ပြီး တောင်သူများအား မျိုးဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မွေးမြူရေးနှင့်ပတ်သက်၍ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices-GAHP) နှင့် အညီ မွေးမြူထုတ်လုပ်နိုင်ရေး ပညာပေးခြင်း၊ တိရစ္ဆာန်အမျိုးအစားအလိုက် မွေးမြူထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ သင်တန်းများ၊ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာသင်တန်းများ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးသင်တန်းများပို့ချပေးခြင်း၊ တောင်သူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် တိရစ္ဆာန်အစာထုတ်လုပ်ရန်အတွက် ပြည်တွင်း၌ အလွယ်တကူရနိုင်သည့် ကုန်ကြမ်းများအား ပြည်တွင်းရှိ အစာစပ်စက်ရုံများမှ သိပ္ပံနည်းကျ ခေတ်မီစက်ကိရိယာများဖြင့် တိရစ္ဆာန်အစာနု၊ အစာတောင့်များထုတ်လုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရောင်းချနိုင်ရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားဦးကြီးများ ခင်ဗျာ

ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖမ်းဆီး၊ မွေးမြူ၊ ပြုပြင်ထုတ်လုပ်သူများနှင့် ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးစေရန် နည်းပညာများ ပံ့ပိုးပေးခြင်း၊ အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် ကျေးလက်ဒေသငါးကဏ္ဍဖွံ့ဖြိုးရေးကို မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ) စီမံကိန်းအစီအစဉ်ဖြင့် အရင်းမပျောက်မတည်ရင်းနှီးငွေ ထောက်ပံ့ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် ဒေသ၊ ရာသီဥတု၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီဖြစ်ထွန်းသည့် ငါးမျိုးများဖြန့်ဖြူးခြင်း၊ သဘာဝမြစ်ချောင်းများ၊ ဆည်တမံများတွင် ငါးမျိုးမသုန်းစေရန်နှင့် ငါးထွက်နှုန်း တိုးတက် စေရန်အတွက် မျိုးကောင်းမျိုးသန့် ငါးမျိုးများ ငါးသားပေါက်များကို စဉ်ဆက်မပြတ်ထုတ်လုပ်၍ မျိုးစိုက်ထည့်ခြင်းနှင့် ဖြန့်ဖြူးပေးခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူနည်းပညာများအား ငါးမွေးတောင်သူများကို လက်တွေ့သင်ကြားပြန့်ပွားပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိဂုံးချုပ်အားဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် အခြေခံကျကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြသည့် တောင်သူလယ်သမားဦးကြီးများ၏ လိုအပ်ချက်များနှင့် သိပ္ပံနည်းကျ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အနေဖြင့် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။ တောင်သူလယ်သမားဦးကြီးများကလည်း စိုက်ပျိုးမွေးမြူထုတ်လုပ်သည့်လုပ်ငန်းများကို စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုလုပ်ငန်းများ ပိုမိုအောင်မြင်တိုးတက်ရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းမှာကြားလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်

Newspaper - 3457 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download