မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အဖွင့်ဗီဒီယိုမိန့်ခွန်း
မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အဖွင့်ဗီဒီယိုမိန့်ခွန်း
Ministry of Information/ Naypyitaw / July 04, 2025

(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
အားလုံးမင်္ဂလာပါ
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ဟာ နိုင်ငံတစ်ဝန်းလုံးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ နိုင်ငံရဲ့အရေးပါတဲ့ အခန်းကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုတဲ့နေ့လည်းဖြစ်သလို အလွှာပေါင်းစုံက အမျိုးသမီးများကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးဖို့ ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် မြန်မာအမျိုးသမီးများအားလုံးကို ဂုဏ်ပြုတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မြန်မာအမျိုးသမီးများဟာ သနားကြင်နာတတ်သူတွေ၊ ကြံ့ကြံ့ခံနိုင်တဲ့သူတွေ၊ စွမ်းဆောင်ရည်ရှိသူတွေဖြစ်ကြပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသိပညာ၊ အတတ်ပညာနဲ့ အနုပညာစတဲ့ နယ်ပယ်အသီးသီးမှာသာမက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးနယ်ပယ်များအထိပါ အမျိုးသားများနဲ့ရင်ပေါင်တန်းပြီး တိုင်းကျိုး ပြည်ပြုလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြတာကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မျက်မှောက်ကာလမှာလည်း မြန်မာအမျိုးသမီးတွေဟာ ကဏ္ဍအသီးသီးရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့အဆင့်တွေမှာတောင် ပါဝင်ဆောင်ရွက်နေကြပြီဆိုတာ သိသာထင်ရှားစွာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို မလွှဲမရှောင်သာဘဲ တာဝန်ယူရတဲ့အချိန်မှာ နိုင်ငံနဲ့ မိမိရဲ့တာဝန်ကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့ အမျိုးသမီးများအနက် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစတဲ့ နယ်ပယ်အသီးသီးမှာ သက်စွန့်တာဝန်ထမ်းဆောင်သူများလည်း ရှိခဲ့ကြပါတယ်။ အလားတူပဲ ဘာသာသာသနာ၊ စာပေ၊ အနုသုခမနယ်ပယ်များမှာလည်း ဂုဏ်ယူဖွယ်ရာ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံ တော်က မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထူးခြားလေးနက်စွာဆောင်ရွက်ခဲ့ကြတဲ့ ၎င်းတို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။
မတ်လ (၈) ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကတော့ ဘေဂျင်းကြေညာ စာတမ်းနဲ့ လုပ်ငန်းစီမံချက် နှစ် (၃၀) ပြည့်နှစ်ဖြစ်တာနဲ့အညီ ဘက်စုံ၊ ကဏ္ဍစုံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးဖို့နဲ့ အခွင့်အလမ်းတွေ ပိုမိုလက်လှမ်းမီရရှိစေဖို့ ဆောင်ရွက်ပေးရန် အသိပေးနှိုးဆော်ထားပါတယ်။
ဒီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းရဲ့ လုပ်ငန်းနယ်ပယ် (၁၂) ရပ်နဲ့ ချိတ်ဆက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျား မတန်းတူညီမျှ အခွင့်အရေးများရရှိစေဖို့အတွက် နိုင်ငံတကာကတိကဝတ်များမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံရဲ့လုပ်ငန်းနယ်ပယ် (၁၂) ရပ် ပါဝင်တဲ့ ဘေဂျင်းကြေညာစာတမ်း၊ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းလုပ်ငန်းများဖြစ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ကျား မ ရေးရာထည့်သွင်းစဉ်းစားခြင်း မဟာဗျူဟာမူဘောင်၊ အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုနဲ့ ခေါင်းဆောင်မှုစတဲ့လုပ်ငန်းစီမံချက်တွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိနေပါတယ်။ အလားတူ မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကျား မရေးရာမဟာဗျူဟာ အကောင် အထည်ဖော်ရေးစီမံကိန်းတွေမှာလည်း ပါဝင်ပြီး အမျိုးသမီးများရဲ့အခွင့်အရေး မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အမျိုးသမီးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာမှာ အမျိုးသမီးများရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ရှိမှုဟာ အရေးပါသလို ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ အဆင့်တွေမှာလည်း အမျိုးသမီးများ ပိုမိုပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာစာရင်းအင်းစာစောင် (၂၀၂၄) အရ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အချက်အလက်စာရင်းဇယားတွေမှာ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ နိုင်ငံ့ဝန်ထမ်းများရဲ့ ၆၀ ဒသမ ၁၄ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အမျိုးသမီးအချိုးအစားမှာလည်း ဒုတိယညွှန်ကြားရေးမှူးနဲ့ အထက်ဝန်ထမ်းဦးရေမှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ ၅၃ ဒသမ ၆၃ ရာခိုင်နှုန်း ဖြစ်တာကို တွေ့ရှိရပါတယ်။
မြန်မာစာရင်းအင်းစာစောင်(၂၀၂၄)အရ ကျန်းမာရေးကဏ္ဍမှာ မွေးဖွားမှုနဲ့ သေဆုံးမှုစာရင်းအင်းများအရ မျှော်မှန်းသက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ အမျိုးသားများဟာ ၆၃ နှစ်ခန့်ရှိပြီး အမျိုးသမီးများဟာ ၇၂ နှစ်ခန့်ရှိတဲ့အတွက် အမျိုးသမီးများက အမျိုးသားများထက် အသက်ပိုရှည်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းနဲ့ စုစုပေါင်းမွေးဖွားမှုနှုန်းတို့မှာ နှစ်အလိုက်ကျဆင်းလာတဲ့အတွက် အမျိုးသမီးများအနေနဲ့ ကျန်းမာရေးဗဟုသုတနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။
တိုင်းပြည်တိုးတက်ခြင်းရဲ့ အခြေခံဟာ ပညာတတ်များ ပေါကြွယ်ဝခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့ လူသားအရင်းအမြစ်ကောင်းတွေ များပြားတိုးတက် လာစေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးနဲ့ ဗလငါးတန်ပြည့်စုံရေးကို အစိုးရအနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အနာဂတ်ရဲ့မျိုးဆက်သစ်ခေါင်းဆောင်များဖြစ်တဲ့ လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့အတွက် ခေတ်မီပညာရေးနဲ့ ခေတ်မီနည်းပညာများ သင်ကြားရာမှာ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသလို စာတတ်မြောက်ရေးနဲ့ ပညာရေးပြီးဆုံးမှုတို့ မြင့်မားအောင်လည်းပဲ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ UN Women တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အာဆီယံဒေသတွင်း ကျား မ ရေးရာ လေ့လာတွေ့ရှိချက်အစီရင်ခံစာ (၂၀၂၄) အရ အာဆီယံနိုင်ငံများအတွင်း အမျိုးသမီးများ နိုင်ငံရေးမှာပါဝင်မှု ၂၂ ရာခိုင်နှုန်း၊ ရင်းနှီးကျွမ်းဝင်သူလက်တွဲဖော်ရဲ့ အကြမ်းဖက်ခံရမှုမှာ နှစ်စဉ် ၉ ရာခိုင်နှုန်း၊ လုပ်ခလစာမရရှိတဲ့ ပြုစု စောင့်ရှောက်မှုနဲ့ အိမ်မှုကိစ္စများမှာ အမျိုးသမီးများရဲ့ အချိန်ကုန်ဆုံးမှုမှာ အမျိုးသားများထက် အချိန် ၂ ဆကျော်ရှိကြောင်း တွေ့ရပါတယ်။ နည်းပညာလက်လှမ်းမီမှုနဲ့ ပတ်သက်ပြီး မိုဘိုင်းဖုန်းပိုင်ဆိုင်မှုမှာ အမျိုးသား ၆၉ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၆၃ ရာခိုင်နှုန်းသာရှိကြောင်းနဲ့ မြေယာပိုင်ဆိုင်မှုမှာ ကျား မ ရေးရာကွာဟမှုရှိကြောင်းလည်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆယ်ကျော်သက်အရွယ် ကလေးမွေးဖွားမှုနှုန်းမှာ ၀ ဒသမ ၂ ရာခိုင်နှုန်းသာရှိပြီး အာဆီယံနိုင်ငံ များအကြား အနည်းဆုံးဖြစ်တဲ့အတွက် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးတက်မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။
လေ့လာမှုစစ်တမ်းတွေအရ နယ်ပယ်အသီးသီးက အမျိုးသမီးများနဲ့ မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်တို့နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီ (၁၂) ရပ် တို့မှာပါဝင်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့အစည်းများအားလုံးက ပိုမိုကြိုးပမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ဒါ့အပြင် သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာလည်း ကျား မရေးရာ အလေးထားတဲ့ လုပ်ငန်းစီမံချက်များ ဆောင်ရွက်ပေးနိုင်ဖို့၊ ကျေးလက်နဲ့ မြို့ပြမှာရှိတဲ့ အမျိုးသမီးများအားလုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ ပြန်လည်လုပ်ကိုင်နိုင်ပြီး စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့ အားလုံးဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ပေးကြပါလို့ မှာကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတစ်ရပ်လုံးက အမျိုးသားအားလုံးနဲ့အတူ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အနာဂတ်နိုင်ငံတော်အတွက် အမျိုးသမီးများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာနဲ့ ယခုထက်ပိုမိုပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
Newspaper - 3213 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download