ကလေးများအနာဂတ် လှပကောင်းမွန်ဖို့

ကလေးများအနာဂတ် လှပကောင်းမွန်ဖို့


Ministry of Information/ Naypyitaw / April 27, 2024
image_latest


ကလေးငယ်များသည် ဖူးပွင့်စပန်းပင်လေးများနှင့်တူသည်။ ပြုစုယုယကာကွယ်စောင့်ရှောက်မှုမပြုနိုင်ပါက အချိန်မတိုင်ခင် ပျက်စီးကြွေလွင့်သွားနိုင်သည်။ မိဘများနှင့်ကျန်းမာရေးဆိုင်ရာတို့သည် ဥယျာဉ်မှူးများနှင့်တူပြီး ပန်းကလေးများ ဖူးပွင့်ဝေဆာ လန်းဆန်းရှင်သန်လာအောင် မပြတ်ဂရုစိုက် စောင့်ရှောက်ပေးရသည်။ ကလေးများအတွက် ကာကွယ်ဆေးသည် မိဘမေတ္တာကို ကိုယ်စားပြုသည့် အကာအကွယ်နှင့်တူသည့် လက်ဆောင်တစ်ခုဖြစ်သည်။

ကလေးငယ်များ ကိုယ်ခံစွမ်းအားမြှင့်တင်ရေးနှင့် ကျန်းမာစွာအသက်ရှင်သန်နိုင်ရေးအတွက် ကာကွယ်ဆေး အမျိုးမျိုးတို့ကို အသက်အရွယ်အလိုက် အထူးဂရုပြုထိုးနှံထားရန် အရေးကြီးသည်။ ကလေးငယ်များတွင် ကူးစက်ဖြစ်ပွားတတ်သောရောဂါအမျိုးမျိုးတို့ကို ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်စောင့်ရှောက်ထားခြင်းမပြုနိုင်ပါက ကလေးငယ်များ ဆုံးပါးသွားနိုင်ပြီး မဆုံးပါလျှင် လူစဉ်မမီသည့် ချို့တဲ့သောဘဝဖြင့် ရှင်သန်နေရမည်ဖြစ်သည်။ သာဓကအားဖြင့် ဝက်သက်ကာကွယ်ဆေးတစ်မျိုးတည်းဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်း သေဆုံးထိခိုက်နိုင်သည့် ကလေးငယ် ၂၃ သန်းခန့်ကို ဟန့်တားကာကွယ်ပေးနိုင်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံထားခြင်းသည် ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးငယ်အားလုံးအတွက် အရေးကြီးလှသဖြင့် နှစ်စဉ် ဧပြီလနောက်ဆုံးရက်သတ္တပတ် (ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း) ကို ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ထိုနေ့ထိုရက်ကာလများတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်အစီအစဉ်များကို ကျင်းပခဲ့ကြသည်။ ယခု ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည့် နှစ် (၅၀) မြောက် ရွှေရတုနှစ်ပတ်လည် ရက်သတ္တပတ်အခမ်းအနားဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ဆောင်ပုဒ်မှာ “Humanly Possible; Saving lives through immunization” ဖြစ်ပြီး “ကလေးငယ်များ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဟူ၍ဖြစ်သည်။ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် အသက်ကယ်၍ရသောရောဂါများကြောင့် အသက်သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးငယ်များ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ကာကွယ်ဆေးများ ပုံမှန်တိုက်ကျွေးပေးခြင်းအားဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ကာကွယ်ဟန့်တားနိုင်သည်။ ယခုကဲ့သို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၂၄ သန်းခန့်ကို ဆင်းရဲမွဲတေမှုမှ ကာကွယ်ပေးနိုင်ခဲ့သည်။ ဥပမာ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာအသုံးပြုတိုင်း ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် ကုသရာတွင် ကုန်ကျနိုင်သည့်စရိတ် ၇၆ ဒသမ ၅ ဒေါ်လာ လျှော့ချနိုင်သည်ကို တွေ့ရှိရသည်။ အမှန်တကယ်တွင် ကာကွယ်ဆေးထိုးနှံထားခြင်းသည် ကလေးငယ်များသာမက အသက်အရွယ်မရွေး ရောဂါကင်းဝေးစေသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များတွင် ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဝက်သက်၊ ပိုလီယိုစသည့် ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများအသုံးပြု၍ သတ်မှတ်အသက်အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်နှင့် အမီလိုက် ကာကွယ်ဆေးထိုးအစီအစဉ်များ ချမှတ်၍ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအနေဖြင့် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၃ ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံနိုင်မှု နှစ်ဆကျော် ပြန်လည်တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလကရှိခဲ့သည့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအခြေအနေ ပြန်လည်ရရှိအောင် ဆောင်ရွက်မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအဖြစ် အသက်(၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံပေးရန် စီစဉ်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတော်က နှစ်စဉ်ဝယ်ယူပံ့ပိုးပေးလျက်ရှိသည့် ကာကွယ်ဆေးများကိုအသုံးပြု၍ ပြည်သူလူထုတစ်ရပ်လုံး အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးခြင်းနှင့် ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်သဖြင့် ကလေးငယ်များ တစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

HOT NEWS
January 4,