ကျောက်မဲမြို့ အခြေခံပညာအထက်တန်းကျောင်း(နောင်ပိန်)ထပ်မံဖွင့်လှစ်၊ ကျောင်းအပ်နှံမှုများဆက်လက်လက်ခံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ကျောက်မဲမြို့ အခြေခံပညာအထက်တန်းကျောင်း(နောင်ပိန်)ထပ်မံဖွင့်လှစ်၊ ကျောင်းအပ်နှံမှုများဆက်လက်လက်ခံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / October 16, 2025

နေပြည်တော် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ ကျောင်းသား၊ကျောင်းသူများ အမြန်ဆုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ပူးပေါင်း၍ အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၈ ရက်တွင်လည်းကောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းကို အောက်တိုဘာ ၁၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် အခြေခံပညာအထက်တန်းကျောင်း(နောင်ပိန်)ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ အခြေခံပညာကျောင်း ၄ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၅၈၉ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၃၆၃၆ ဦး ကျောင်းတက်ရောက်လျက်ရှိပြီး စာပေပညာများကို စိတ်အေးချမ်းသာစွာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။
၎င်းအပြင် ကျောက်မဲမြို့သို့ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက်ရှိသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ ကျောက်မဲမြို့လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၉၁ ဦးနှင့် ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သော လူနာတစ်ဦးတို့ကို လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

