ငြိမ်းချမ်းရေးအတွက် ဂုဏ်ပြုအားတက်

ငြိမ်းချမ်းရေးအတွက် ဂုဏ်ပြုအားတက်


Ministry of Information/ ​နေပြည်တော် / August 04, 2020
image_latest


ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ အစည်းအဝေးများတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခု သြဂုတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့တွင် ကျင်းပရန် လျာထားသတ်မှတ်ခဲ့သည်။

(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်အတွင်းကျင်းပရန် မူလကဆုံးဖြတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ အလှမ်းဝေးခဲ့သည်။ ယခုအခါ အစည်းအဝေးကျင်းပရန် ရက်သတ်မှတ်ထားပြီးဖြစ်ရာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ရာ မကြာမီကာလများတွင် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် စည်းရုံးလှုပ်ရှားမှုများကို ဆောင်ရွက်တော့ မည်ဖြစ်၍ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သတ်မှတ်ထားသည့် ရက်အတိုင်း အောင်မြင်စွာကျင်းပရပေလိမ့်မည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်အတွက် JICM ၏ သဘောတူညီချက်များသည် အလွန်အရေးကြီးသည်။ ယခုအခါ (၈) ကြိမ်မြောက် JICM သဘောတူညီချက်များ အကောင်အထည်ဖော်ရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ခြောက်ကြိမ်ရှိခဲ့ပြီဖြစ်သည်။ အစည်းအဝေးခြောက်ကြိမ်အတွင်းသဘောတူညီချက်များများစွာရရှိထားပြီး လုံခြုံရေးဆိုင်ရာ၊ NCA အခန်း(၃)နှင့် အခန်း (၄) ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စများတွင် အလားအလာ ကောင်းများရှိနေသည်။ ထို့အပြင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း ရေးအဖွဲ့များ ယခုနှစ်ဆန်းပိုင်းမှ ယနေ့အထိ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နှစ်ဖက်လက်ခံသည့်၊ ထိုက်သင့်မျှတသည့် ရလဒ်ကောင်းများ ရရှိခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းကြရာတွင် ကိုယ့်မူ၊ သူ့မူ အခိုင် အမာကိုင်စွဲပြီး တစ်ဖက်ကိုတစ်ဖက် အကျပ်အတည်းဖြစ်စေနိုင်သော ဆွေးနွေးညှိနှိုင်းမှုများကိုရှောင်ရှားကြရန်၊ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူလူထုတစ် ရပ်လုံးအကျိုးနှင့် အားလုံးအကျိုးအတွက် နှစ်ဖက်လက်ခံကျေနပ်ပြီး မျှမျှတတဖြစ်သည့် ထိုက်သင့်သည့်အပေးအယူ၊ အလျှော့အတင်း များကို လိုအပ်သလို ဆောင်ရွက်ပေးရေးကို ဝန်မလေးကြရန် ရည်သန်ဆောင်ရွက်နေကြသည်။ ငြိမ်းချမ်းရေးရလဒ်ကောင်းများကို တိုင်းရင်းသား ပြည်သူများက မျှော်လင့်နေကြ၊ နားစွင့်နေကြရာ နှစ်ဖက်အဖွဲ့များအနေဖြင့် ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအကြား အချိန်ယူညှိနှိုင်းကြိုးပမ်းအားထုတ်ခဲ့ရာ ယခုအခါ ထပ်မံနားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုခိုင်မာအားကောင်းလာသည်ဟု ယူဆပါသည်။ ဆက်လက်၍ ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် JICM အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဆွေးနွေးကြမည် ဖြစ်သည်။ ထို့နောက် သြဂုတ် ၁၃ ရက်တွင် JICM အစည်းအဝေးကျင်းပပြီး ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ သယ်ဆောင်သွားနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်သည်။ ။

ယင်းသို့ နိုင်ငံရေးဆွေးနွေးမှုများကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းသည် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် အားလုံးအကျိုးအတွက် အချင်းချင်းကြားတွင် ထိုက်သင့်သည့်အလျှော့အတင်းများ ပြုလုပ်နိုင်ခြင်းကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် အပေးအယူရှိမှု၊ တစ်ဖက်၏အခက်အခဲကို တစ်ဖက်ကနား လည်မှုတို့ကြောင့် နှစ်ဦးနှစ်ဖက် သဘောတူနိုင်သည့်အချက်များ ရရှိထားပြီးဖြစ်ပြီး ဆက်လက်၍ အဆက် မပြတ်ပြုလုပ်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တလျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ကြဉ်းပေးမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံစတုတ္ထအစည်းအဝေးကြီး အောင်မြင်စွာကျင်းပနိုင် ရေးကို ရှေးရှုပြီး ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးမှုများကို အားပေးထောက်ခံ ဂုဏ်ပြုလိုက် ရပါကြောင်း။ ။

HOT NEWS
January 4,