စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၀)ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၀)ကျင်းပ


Chin State Government/ Monywa / October 22, 2020


စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၇/၂၀၂၀) ကို နံနက် (၉)နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အောက်တိုဘာ (၂၁)ရက်နေ့အထိ မြို့နယ်(၂၅)မြို့နယ်တွင် ပိုးတွေ့လူနာ (၂၆၈)ဦးတွင် ကုသမှုခံယူဆဲ (၆၀)ဦး၊ ဆေးရုံဆင်း(၂၀၈)ဦး ရှိပြီဖြစ်တဲ့အတွက် ဒေသတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများမှာ လွန်စွာမှ အရေးကြီးသောလုပ်ငန်းဖြစ်၍ COVID-19 ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသောဒေသ၊ Stay At Home သတ်မှတ်ထားသော ဒေသများမှ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဝင်ရောက်လာသူများအားလုံးကို လစ်ဟာမှုမရှိစေဘဲ Quarantine ထားရှိနိုင်ရေး အရေးကြီး၍ တိုင်းဒေသကြီးအတွင်းရှိ မြို့အဝင်/ အထွက်ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို Test Kit များဖြင့်လည်း COVID-19 ရောဂါပိုးရှိမရှိကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း။ မကြာမီကာလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သဖြင့် မဲရုံအသီးသီးသို့ လာရောက်၍ မဲပေးသူများ COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
Coronavirus Disease 2019 (COVID-19)ကူးစက်မှုသည် ယခုထက်ပိုမို ကျယ်ပြန့်များပြား လာပါက ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ရောဂါဖြစ်ပွားသည့်နယ်မြေ၊ ဒေသအလိုက် လုံခြုံရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများကို ကြိုတင်စီမံထားရန် လိုအပ်ပါကြောင်း၊ အဆိုပါနယ်မြေဒေသအတွင်း အခြေခံဝန်ဆောင်မှုများ ပုံမှန်ပေးနိုင်ရေး၊ အစား အစာနှင့်အခြေခံလူသုံးကုန် ပစ္စည်းများ ပြတ်တောက်မှုမရှိစေရေး၊ အထောက်အပံ့လိုအပ်သူများ အတွက် အစားအစာနှင့် အခြေခံ လိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရေး၊ အခြေခံကုန်စည် ပို့ဆောင် ရေး၊ အရေးပေါ်လူနာများ သယ်ယူ ပို့ဆောင်စရေး၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွဲ့စည်း ထားရှိရေး၊ ဆေးဝါးကုသရေးအတွက် လိုအပ်သည့်ပစ္စည်းများနှင့် အဆောက်အအုံများကို ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်များ အနေဖြင့် ယခုကတည်းက စီမံချက်များအတိုင်း ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်း ဆောင်ရွက် သွားကြရန်” တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ကို တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါကြောင်းနှင့် အစည်းအဝေးကို (၁၂၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

​​​​​​​

HOT NEWS
January 4,