တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသော အရာရှိ၊ စစ်သည်များနှင့် အမွေခံများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသော အရာရှိ၊ စစ်သည်များနှင့် အမွေခံများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
Ministry of Information/ Naypyitaw / January 05, 2026
နေပြည်တော် ဇန်နဝါရီ ၅
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသော အရာရှိ၊ စစ်သည်များနှင့် အမွေခံမိသားစုဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။
ထို့နောက်ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော်ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင်စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံးတုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည့် အထိမ်းအမှတ်ဗိမာန်တစ်ခုဖြစ်သည့် သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်ဂါရဝပြုအလေးပြုကြကြောင်း သတင်းရရှိသည်။
