တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / June 29, 2025

နေပြည်တော် ဇွန် ၂၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇွန် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၀) မိုင် ခါလာကြီး ထမင်းဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး ငွေကျပ် ၈၅၄၇၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Starex နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၁၂၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Singapore Airlines လေယာဉ်ခရီးစဉ်အမှတ် SQ-762/ SF - 6049 ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၀၈၇၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့ အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၁၆၄ တန်၊ သစ်မာ ၀ ဒသမ ၆၉၀ တန်၊ အခြားသစ် ၄ ဒသမ ၄၅၈တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၄၇၅၉ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ မြို့သစ် (၆)ရပ်ကွက် ရွှေနံ့သာလမ်း အိမ်အမှတ် (၉-ခ) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် မြေနီလမ်း ကမ်းနား ဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၄၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၄၁ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၂၆ ရက်နှင့် ၂၇ ရက်တို့ တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၄မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၃၆၀၂၂၅၉)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ရရှိသည့် အခွန်အခများ၊ တရားဝင် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်