တိုးတက်နေသည့် ကမ္ဘာကြီးနှင့် မျိုးဆက်သစ်လူငယ်မောင်မယ်

တိုးတက်နေသည့် ကမ္ဘာကြီးနှင့် မျိုးဆက်သစ်လူငယ်မောင်မယ်


Ministry of Information/ Naypyitaw / April 27, 2024
image_latest


၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ နှစ်မှ ၂၄ နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည်။ အဆိုပါအသက်အရွယ်သည် ယေဘုယျအားဖြင့်ဆိုပါက အခြေခံပညာများနှင့် အဆင့်မြင့်ပညာများကို ကျောင်းများ၊ တက္ကသိုလ်များတွင် သင်ကြားနေကြပြီး အနာဂတ်အတွက် ပြင်ဆင်နေကြရမည့်အရွယ်များဖြစ်သည်။ လူငယ်များသည် အနာဂတ်ကာလ နိုင်ငံတော်ကို ဦးဆောင်မည့်သူများ၊ အနာဂတ်ကာလနိုင်ငံတော်ကို ပုံဖော်တည်ဆောက်မည့်သူများဖြစ်ရာ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် နိုင်ငံတော်က ပြုစုပျိုးထောင်ပေးလျက်ရှိသည်။

လူငယ်ဘဝတွင် အနာဂတ်အတွက် မျှော်လင့်ချက်များနှင့်အတူ အားမာန်နှင့်ပြည့်စုံခြင်း၊ နိုးကြားတက်ကြွခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ စူးစမ်းလိုခြင်းနှင့် စွန့်စားလိုစိတ်တို့ရှိခြင်း၊ တီထွင်ဖန်တီးတတ်ခြင်းစသည့် အရည်အသွေးကောင်းများ ပေါ်လွင်ထင်ရှားစွာ ရှိနေကြရာ လူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ- ဗလငါးတန်ပြည့်စုံလာအောင် လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံ့အနာဂတ်အတွက် ကောင်းမွန်သည့်အင်အားစုများ ရရှိလာမည်ဖြစ်သည်၊၊ နိုင်ငံတော်အနေဖြင့် အနာဂတ်မျိုးဆက်သစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် လူရည်ချွန်စီမံကိန်းအပြင် လူငယ်ကဏ္ဍအစီအစဉ်များစွာ ဆောင်ရွက်လျက်ရှိသကဲ့သို့ အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာရေး၊ အခြေခံပညာအဆင့်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား ကျောင်းသူများအားလုံး အနည်းဆုံးအလယ်တန်းဆင့် (KG+9) ပြီးမြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။

ကျောင်းသား ကျောင်းသူများအားလုံး အလယ်တန်းဆင့် (KG+9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ ခရိုင်ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခရိုင်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ရာ အဆိုပါကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်းဆင့်သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့်အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။ ထူးချွန်ထက်မြက်သူများမှာ ဝါသနာပါရာ အဆင့်မြင့်ပညာများကို သက်ဆိုင်ရာ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒစကားပြောကြားရာတွင် “ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဥပဒေကို သိရှိလေးစားလိုက်နာ တတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာပြုမူနေထိုင်တတ်စေရန်လည်း လမ်းပြသွန်သင်ပေးသွားကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအသက် ၁၅ နှစ်အရွယ်လူငယ်သည် လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း နိုင်ငံတွင် တစ်စုံတစ်ရာသောတာဝန်ကို ထမ်းဆောင်သူဖြစ်လာမည်ဖြစ်သည်။ မျိုးဆက်သစ်များ၏ တိုးတက်မြင့်မားမှု သည် နိုင်ငံတော်၏တိုးတက်မြင့်မားမှုပင်ဖြစ်ရာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တိုးတက်လာအောင် ပစ္စုပ္ပန်မျိုးဆက်တို့က မြှင့်တင်ကြရန် တာဝန်ရှိသည်။ တိုးတက်ပြောင်းလဲနေသည့် ကမ္ဘာကြီးနှင့်အတူ လိုက်ပါပြောင်းလဲကာ နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာဝပြောရေးတို့အတွက် ဉာဏ်ပညာ၊ အတတ်ပညာမြင့်မားသော၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသော လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ကြရပါမည့်အကြောင်း။ ။

HOT NEWS
January 4,