တောင်သူနှင့်ပူးပေါင်းကာ သုတေသနပြုခြင်းများ ဆောင်ရွက်ရမည်

တောင်သူနှင့်ပူးပေါင်းကာ သုတေသနပြုခြင်းများ ဆောင်ရွက်ရမည်


Ministry of Information/ Naypyitaw / June 29, 2025
image_latest


နေပြည်တော် ဇွန် ၂၈

တောင်သူနည်းပညာဆွေးနွေးပွဲကို “တောင်သူများ ပူးပေါင်းပါဝင်သော အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် AERDTC ခန်းမ ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ပျဉ်းမနားနှင့် တပ်ကုန်းမြို့နယ်များမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးပညာရှင်များအနေဖြင့် စိုက်ပျိုးရေးပညာများကို အမြဲလေ့လာဆည်းပူးကာ တောင်သူ့အကျိုးစီးပွားကို အမြဲရှေးရှုသော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးအတွက် ဆန်းသစ်သောစိုက်နည်းစနစ်များကို တောင်သူများနှင့် သင့်တော်သည့် လက်တွေ့အသုံးချနိုင်သည့် အဆင့်ထိရောက်အောင် တောင်သူနှင့်ပူးပေါင်းကာ သုတေသနပြုခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲမှ ဒေါက်တာယုမွန်က မျိုးစေ့ထုတ်လုပ်နည်း စနစ်များ၊ ၂၀၂၄ - ၂၀၂၅ ခုနှစ် (RS) ထုတ်လုပ်မှုနှင့် (RS-CS) ထွက်ရှိ မှု၊ ၂၀၂၅ - ၂၀၂၆ ခုနှစ် သီးနှံစုံ စိုက်ပျိုးရန် မျိုးစေ့လိုအပ်ချက်များ၊ တောင်သူပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ခြင်း၊ မျိုးစေ့ကျေးရွာ တည်ထောင်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး တက္ကသိုလ်အတွင်း ယာယီခိုလှုံနေထိုင်ကြသည့် ငလျင်ဘေးသင့်ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်