ဒုတိယဝန်ကြီး ဦးအေးထွန်း ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ တန်ဆောင်းများ မွမ်းမံပြီးစီးမှုနှင့် ကမ္ဘာအေးကုန်းမြေရှိ ကျောင်းဆောင်ကြီးလေးဆောင် အဆင့်မြှင့်တင်မွမ်းမံခြင်း (PHASE-II) ဆောင်ရွက်ရန် ပြင်ဆင်နေမှုကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအေးထွန်း ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ တန်ဆောင်းများ မွမ်းမံပြီးစီးမှုနှင့် ကမ္ဘာအေးကုန်းမြေရှိ ကျောင်းဆောင်ကြီးလေးဆောင် အဆင့်မြှင့်တင်မွမ်းမံခြင်း (PHASE-II) ဆောင်ရွက်ရန် ပြင်ဆင်နေမှုကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 15, 2025
image_latest


ရန်ကုန် ဩဂုတ် ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ တန်ဆောင်းများမွမ်းမံပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် စေတီတော်ရင်ပြင် အထက်ပစ္စယံစေတီအရံများ ရွှေဆိုင်းအသစ်ကပ်လှူရန် ဆောင်ရွက်နေမှုနှင့် စေတီတော်ကြီးဖိနပ်ခုံ ဆေးသုတ်ရန်စီစဉ်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကရုံး အစည်းအဝေးခန်းမ၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် စေတီတော်ရင်ပြင်ဆီမီးခုံများရှိ မြန်မာမှုစဉ့်ပန်းများ ထိန်းသိမ်းဆောင်ရွက်နေမှု၊ အနောက်ဘက်စောင်းတန်းရင်ပြင် မှန်စီရွှေချတိုင်လုံးများရှိ အလှူရှင်ကမ္ပည်းကြေးပြားများ ရောင်တော်ဖွင့်ဆောင်ရွက်နေမှု၊ ချမ်းသာကြီးတန်ဆောင်းနှင့် ဦးဘိုးသောင်းတန်ဆောင်းအတွင်းရှိ တိုင်လုံးများတွင် အင်္ဂတေဖောင်းကြွပန်းများဖြင့် မြန်မာမှုဆန်ဆန် ပြုပြင်ဆောင်ရွက်နေမှုနှင့် ဦးဝိဇ္ဇာ+ဒေါ်မင်းပု တန်ဆောင်းရှိကြမ်းခင်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုက်နာ ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေသာသနာရေးဦးစီးဌာန သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ သန္တိသုခခန်းမ၌ ကမ္ဘာအေးကုန်းမြေရှိ ဥတ္တရကုရု၊ ပုဗ္ဗဝိဒေဟ၊ ဇမ္ဗုဒီပ၊ အပရဂေါယာန ကျောင်းဆောင်ကြီးလေးဆောင် အဆင့်မြှင့်တင်မွမ်းမံ ခြင်း(PHASE-II)လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် သက်ဆိုင်ရာလုပ်ငန်းတာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်