နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
Ministry of Information/ Naypyitaw / May 23, 2025

နေပြည်တော် မေ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ်အပါး (၉၇)ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋက ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘော ရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ၎င်းတို့၏ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ငါးပါးသီလခံယူဆောက်တည်
ရှေးဦးစွာ တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သာရဏီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၏ သာရဏီယဩဝါဒကထာကို စာမျက်နှာ - ၅ တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကသုံးပုံလုံးကို အာဂုံနှင့်တကွ ရေးဖြေအောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်သေဋ္ဌ ဉာဏာလင်္ကာရအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပိဋကနှစ်ပုံ ရေးဖြေအောင်မြင်တော်မူသဖြင့် ဒီဃနိကာယ ကောဝိဒဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာ ဓဇာလင်္ကာရနှင့် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်မှ အရှင်စန္ဒောဘာသာလင်္ကာရ၊ ပိဋကနှစ်ပုံ အာဂုံအောင်မြင်တော်မူသဖြင့် ဒီဃဘာဏက ဘွဲ့ရရှိတော်မူသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်း၊ မိုးမိတ် ကုန်းမြေ၊ တိပိဋက နိကာယကျောင်းတိုက်မှ အရှင်ဇနပ္ပိယာလင်္ကာရနှင့် အရှင်တိလောကတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် ဒီဃဘာဏကဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၉ ပါး၊ ဝိနယကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁ ပါး၊ ဝိနယဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ် ၂၉ ပါး၊ ဥဘတောဝိ ဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဥဘတောဝိ ဘင်္ဂဓရဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည် အရှင်မြတ် ၄၆ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။
ရေစက်သွန်းလောင်းအမျှပေးဝေ
ဆက်လက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များနှင့် အလှူရှင်များက တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား ဓမ္မပူဇာအဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
၉၇ ပါး အောင်မြင်တော်မူခဲ့
(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံအာဂုံရေးဖြေအောင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့အာဇာနည် အရှင်မြတ် ၁ ပါး၊ ပိဋကနှစ်ပုံရေးဖြေအောင် ဒီဃနိကာယ ကောဝိဒအရှင်မြတ် ၂ ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက အရှင်မြတ် ၁၁ ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ဝိနယ ကောဝိဒ အရှင်မြတ် ၁ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ အရှင်မြတ် ၂၉ ပါး၊ ဝိနယပိဋက ရှေ့ပိုင်းရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ အရှင်မြတ် ၇ ပါး နှင့် ဝိနယပိဋက ရှေ့ပိုင်းအာဂုံအောင် ဥဘတောဝိဘင်္ဂဓရ အရှင်မြတ် ၄၆ ပါး စုစုပေါင်း ၉၇ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဗုဒ္ဓသာသနာတော်၌ ဘုန်းကံပါရမီအထူး ဉာဏ်ပညာအထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေးနှင့်သာသနာတော်၌ ဓမ္မစေတီထိုက်သော ပိဋကနှုတ်ငုံဆောင်ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်ပူဇော်ရေးရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုကျင်းပပြီးစီးခဲ့သည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲအထိ(၇၇)နှစ်တာ ကာလအတွင်း တိပိဋကဓရတိပိဋက ကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ်(၁၇)ပါး ပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကိုရရှိပြီး၍ (၅)နှစ်ပြည့်မြောက်သည့်အခါ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှဆက်ကပ်သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရဆရာ တော်ကြီး ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်၍ တိပိဋကဓရ တိပိဋက ကောဝိဒသာသနာ့ အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာဦးမည်ဖြစ်ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
မဟာမင်္ဂလာ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးနှင့် အခြားသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုဏ်ဂူအတွင်း ဆေးသုတ်ခြင်း၊ အသံထိန်းနံရံပြုပြင်ခြင်း၊ ရေလုံဆေးသုတ်ခြင်း၊ ရေဆင်းပိုက်လိုင်းပြုပြင်ခြင်း၊ 630 kg ဓာတ်လှေကားသစ်တပ်ဆင်ခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်