ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
Ministry of Information/ Naypyitaw / October 20, 2025

နေပြည်တော် အောက်တိုဘာ ၁၉
အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့(Non-aligned Movement- NAM) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မိုဇမ်ဘစ်၊ အီရန်၊ ဘယ်လာရုစ်၊ ကျူးဘား၊ ယူဂန်ဒါနိုင်ငံခြားရေးဝန်ကြီးများနှင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး ပုဂ္ဂိုလ်၊ အီတလီနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီးတို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ်ပါလာမြို့ရှိ ယူဂန်ဒါဗုဒ္ဓစင်တာ (Uganda Buddhist Centre) သို့ သွားရောက်ပြီး မြန်မာနိုင်ငံမှပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော်ပွားကို ဆက်ကပ်လှူဒါန်းခဲ့ကာ စင်တာရှိ ရဟန်းသံဃာများ၊ ရှင်သာမဏေများ နှင့် သီလရှင်များအတွက် သင်္ကန်းပရိက္ခရာများ၊ ဆွမ်းခဲဖွယ်များနှင့် ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် နဝကမ္မအလှူငွေများ လှူဒါန်းခဲ့သည်။
၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် ယူဂန်ဒါနိုင်ငံသား ဆရာတော် Bhante Buddharakkita က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုမှ ဒါယကာ၊ ဒါယိကာမများ၏ ပံ့ပိုးမှုဖြင့် ယူဂန်ဒါဗုဒ္ဓစင်တာကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံနှင့် နက်ရှိုင်းသောဆက်ဆံရေးလည်းရှိသည်။
အဆိုပါ စင်တာသည် အာဖရိကတိုက်တွင် ဗုဒ္ဓဓမ္မများပြန့်ပွားရေး၏ အဓိကကျသော ဗဟိုဌာနတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ဘာသာရေးလုပ်ငန်းများအပြင် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ အာဖရိကဗုဒ္ဓကောလိပ် (Africa Buddhist College- ABC) အဖြစ် ဖွင့်လှစ်ရန် ပြင်ဆင် လျက်ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမှ ဆရာတော်တစ်ပါးနှင့် သီလရှင်နှစ်ပါးတို့သည် Uganda Buddhist Centre တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ Uganda Buddhist Centre တွင် စာပေသင်ယူလျက်ရှိသည့် ရှင်သာမဏေနှင့် သီလရှင်စုစုပေါင်း အပါး ၇၀ နီးပါးရှိကြောင်း သိရှိရသည်။
ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးမြှင့်တင်ရေးအတွက် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ တက်ကြွသောပါဝင်မှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတော်၏ ခိုင်မြဲသော ကတိကဝတ်နှင့် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကို ထင်ဟပ်ပြသနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်