မသန်စွမ်းသူများ၏ စွမ်းရည်မြှင့်တင် နိုင်ငံတည်ဆောက်ရေးတွင်ပူးပေါင်းပါဝင်

မသန်စွမ်းသူများ၏ စွမ်းရည်မြှင့်တင် နိုင်ငံတည်ဆောက်ရေးတွင်ပူးပေါင်းပါဝင်


Ministry of Information/ Naypyitaw / May 14, 2026
image_latest


၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အထက် လူဦးရေတွင် ၂ ဒသမ ၂၉ သန်း ( ၇ ဒသမ ၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းမှုအနည်းဆုံးတစ်မျိုးမျိုးရှိသည်ဟု သိရသည်။ မသန်စွမ်းမှုအမျိုးအစားအနေဖြင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပွားသည့် မသန်စွမ်းမှုအမျိုးအစားများမှာ အမြင်အာရုံ ခက်ခဲသူ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ ပစ္စည်းကိုင်တွယ်/ လမ်းလျှောက်/ လှေကားတက် ခက်ခဲသူ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာခြင်း ခက်ခဲသူ ၂ ဒသမ ၈ ရာခိုင်နှုန်း၊ အကြားအာရုံခက်ခဲသူ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီးသည် မသန်စွမ်းလူဦးရေ အများဆုံးဖြစ်ပြီး ၆ သိန်းနီးပါး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၅ သိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဒသမ ၆ သိန်းခန့်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၂ (က) တွင် နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ မသန်စွမ်းသူများ၏အခွင့်အရေးများကို ကာကွယ်ရန်နှင့်မြှင့်တင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂကချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ရပ်အနက် ပန်းတိုင်(၈)တွင် မသန်စွမ်းသူများအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် လုပ်ခလစာတန်းတူရရှိမည့် အခွင့်အလမ်းများဖန်တီးခြင်းနှင့် လူငယ်များအလုပ်လက်မဲ့ဖြစ်မှု လျှော့ချရေး၊ အလုပ်သမားဈေးကွက်တွင် ဝင်ဆံ့နိုင်ရေးတို့ပါဝင်ပြီး ပန်းတိုင်(၁ဝ)တွင် မသန်စွမ်းသူများကို လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် ပါဝင်လုပ်ဆောင်နိုင်စေရန်ဟူ၍ ဖော်ပြထားသည်။

မသန်စွမ်းသူများသည် ဂုဏ်သိက္ခာရှိရှိ၊ အမှီအခိုကင်းကင်း ဘဝရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာများရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့ လိုအပ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရန်ကုန်မြို့နှင့် စစ်ကိုင်းမြို့တို့တွင် မျက်မမြင်သင်တန်းကျောင်း၊ ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် နားမကြား ကလေးများသင်တန်းကျောင်း၊ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ရန်ကုန် မြို့တွင် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာတို့ကို ဖွင့်လှစ်ထားသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်လေးခု၌ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများကို လူတိုင်းအကျုံးဝင် ပညာရေးစနစ် (Inclusive Education) ဖြင့် ပုံမှန်ကျောင်းများတွင် ပူးပေါင်းသင်ကြားခြင်း၊ အထူးပညာရေးကျောင်းများအဖြစ် မျက်စိ၊ နား၊ ဉာဏ်ရည်မသန်စွမ်းသူများအတွက် သီးသန့်ကျောင်းများဖြင့် သင်ကြားပေးခြင်း၊ ကိုယ်ပိုင်ဝင်ငွေရရှိစေရန် နည်းပညာနှင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး) တို့မှလည်းကောင်း၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းနှင့် စစ်ကိုင်းမျက်မမြင်ကျောင်းတို့မှလည်းကောင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ခေါ်ယူလျက်ရှိကြောင်း သတင်းများထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူလူဦးရေ ၂ သန်းကျော်ရှိနေရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေးအတွက် မသန်သူတို့၏ စွမ်းရည်ကို တိုးတက်မြင့်မားလာစေရန် မြှင့်တင်ပေးကြရမည်ဖြစ်သည်။ မသန်စွမ်းသူတို့၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများနှင့်တန်းတူ အခွင့်အရေးများရရှိကြစေရန်၊ မသန်စွမ်းသူတို့၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန် လူ့ဘောင်အဖွဲ့ အစည်းတစ်ရပ်လုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်းလိုသည်။ သို့ဖြစ်ရာ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသည့်မသန်စွမ်းသူများ ပညာသင်ယူနိုင်ကြစေရေးအတွက် မိဘအုပ်ထိန်းသူများ၊ ရပ်ရွာအုပ်ချုပ်ရေး၊ လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းအားပေး ကူညီဆောင်ရွက်ပေးကြရပါမည့်အကြောင်း။ ။