မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့် ပြန်လည်တည်ဆောက်
မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့် ပြန်လည်တည်ဆောက်
Ministry of Information/ Naypyitaw / May 23, 2025

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမားစွာ ဖြစ်ပေါ်ခဲ့သည့်အထဲတွင် ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများလည်း အများအပြားပါဝင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တစ်စုတစ်ဝေးတည်း တည်ရှိရာ နေရာများဖြစ်ကြသည့် မင်းကွန်း၊ စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ အင်းဝ စသည့်နေရာများမှာ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များစွာ ထိခိုက်ပျက်စီးခဲ့ရာ အချို့လုံးဝ ပြိုကျပျက်စီးခဲ့ရသည်။
ငလျင်ဒဏ်ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ရှေးဟောင်းအဆောက်အအုံများ၊ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်နှင့် မြို့ရိုး၊ ပြအိုး၊ ပြာသာဒ်စသည်တို့ စုစုပေါင်း ၁၇၈၁ လုံး၊ ဘုရား၊ စေတီ၊ ပုထိုးစသည့် သာသနိကအဆောက်အအုံပေါင်း ၄၉၉၈ လုံး စုစုပေါင်း ၆၇၇၉ လုံး ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မြေငလျင်လှုပ်ခတ်ပြီးနောက် ထွက်ပေါ်လာသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားကြသည့် အမျိုးသားယဉ်ကျေးမှုရတနာများဟု တင်စားရမည့် ရှေးဟောင်းအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ ဗုန်းဗုန်းလဲပျက်စီးနေသည့် မြင်ကွင်းများမှာ မချိတင်ကဲ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ရှေးကာလက မိမိတို့၏ ဘိုးဘွားများ ခေတ်သမိုင်းအဆက်ဆက်တွင် ဂုဏ်ယူဖွယ်တည်ဆောက်ခဲ့ကြသည့် သမိုင်း၏အမွေအနှစ်များမှာ အင်အားကြီးမားပြင်းထန်လှသည့် သဘာဝဘေးဒဏ်ကြီးကြောင့် မိနစ်ပိုင်းမျှအတွင်း ပြိုလဲပျက်စီးသွားရခြင်းအပေါ် မိမိတို့တစ်မျိုးသားလုံး နှမြောတသဝမ်းနည်းကြေကွဲ ကြရခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သဘာဝဘေးအန္တရာယ်များကြောင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများမှာ သမိုင်းတစ်လျှောက် ရှေးကပင်ရှိခဲ့ပြီး မိမိတို့ဘိုးဘွားများ ပြန်လည် တည်ဆောက်ခဲ့ကြသလို မိမိတို့ခေတ်တွင်လည်း ပြန်လည်တည်ဆောက်ကြရမည်သာဖြစ်သည်။ မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်ကျောက်သားများဖြင့် အခိုင်အမာ ပြန်လည်တည်ဆောက်ရမည် ဆိုသကဲ့သို့ပင် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုပါ ကြိုတင်မျှော်တွေးတွက်ဆ၍ နှစ်ပေါင်းထောင်ချီရှည်ကြာတည်တံ့နိုင်ရန် အစွမ်းကုန်ကြိုးပမ်း တည်ဆောက်သွားကြရမည်ဖြစ်သည်။ အထူးသတိပြု ဆောင်ရွက်ကြရမည့်အချက်မှာ ရှေးဟောင်းအမွေအနှစ်လက်ရာများဖြစ်ပြီး မူရင်းကျန်ရှိနေသည်များကို ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ ကြီးကြပ်မှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့် နောင်အရှည် ဆက်လက်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်ကြရန်ပင် ဖြစ်သည်။
ယခုအခါ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အအုံများနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ဘုရားစေတီတစ်ဆူလုံးကိုဖြစ်စေ၊ မိမိတို့လှူဒါန်းနိုင်သမျှ သဒ္ဓါတရားနည်းများမဆို လှူဒါန်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ ရှေးဟောင်းအမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ပထမဦးစားပေးအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးနည်းပါးသော သို့မဟုတ် ပျက်စီးမှုနည်းပါးသော ရှေးဟောင်းအဆောက်အအုံများ၊ ရွှေဆေးသုတ်ထားသည့် စေတီပုထိုးများကို ပြန်လည်ပြုပြင်လိုသော အလှူရှင်များ၊ ဂေါပကများ၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာသို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက်တင်ပြကြရမည်ဖြစ်သည်ဟု သိရသည်။ ခွင့်ပြုချက်ရရှိပါက ခွင့်ပြုသည့်အတိုင်း အတွေ့အကြုံရှိသော ကန်ထရိုက်တာများဖြင့် ပြင်ဆင်ခွင့်ပြုသွားမည်ဖြစ်ရာပညာရှင်များ၊ ကျွမ်းကျင်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်မပျက်မစီးတည်တံ့စေရန် ပြန်လည်ထိန်းသိမ်းကြရပါမည့်အကြောင်း။ ။