လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဥ် (၁/၂၀၂၅) နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်း စီမံချက်အပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများ ဆွေးနွေးပွဲကျင်းပခြင်း

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဥ် (၁/၂၀၂၅) နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်း စီမံချက်အပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများ ဆွေးနွေးပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / July 21, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဥ် (၁/၂၀၂၅) နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု သုံးသပ် ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ထိရောက် အကျိုးရှိစွာသုံးစွဲနိုင်စေရေးအတွက် စစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းတို့ကို ဆောင်ရွက် လျက်ရှိရာ အရည်အသွေးပြည့်ဝသည့် အစီရင်ခံစာများ အချိန်မှီထုတ်ပြန်နိုင်စေရေး၊ စစ်ဆေး တွေ့ရှိချက်များ တိကျမှန်ကန်ပြီး ခိုင်မာပြည်စုံစေရေးအတွက် စိစစ်ကြီးကြပ်ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ချမှတ်ထားသည့်မဟာဗျူဟာစီမံချက်များနှင့်အညီ လုပ်ငန်းတာဝန် များကို ထိရောက်စွာဆောင်ရွက်နိုင်စေရေးအတွက် ဝန်ထမ်းများ၏စွမ်းဆောင်ရည်နှင့် ကျွမ်း ကျင်မှုမြင့်မားစေရန်သည် အလွန်အရေးကြီးပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများ စစ်ဆေးရေး စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် လေ့ကျင့်သင်ကြားရေးအစီအစဉ်များတွင် ရုံးချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်တတ်စေရန် လက်တွေ့နှင့် ပေါင်းစပ်သင်ကြားခြင်းတို့ကိုဆောင်ရွက်ကြရန် လိုအပ်ကြပါကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်တို့ကို သိရှိလိုက်နာပြီး နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူး ချုပ်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် လုပ်ငန်း အကောင်အထည်ဖော်မှုသုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ၊ စစ်ဆေးရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊သတိပြုရမည့်အချက်များကို အသီးသီးဆွေးနွေးမှာကြားသည်။ Online ဖြင့်တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများက လုပ်ငန်းဆိုင်ရာ ထူးခြားအခြေအနေများနှင့် လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားမှုအပေါ် သိရှိလိုသည်များကို မေးမြန်းတင်ပြခဲ့ကြသည်။

ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပတ္တမြားခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး များက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။