အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး စစ်တွေမြို့ အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး စစ်တွေမြို့ အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ


Ministry of Information/ Naypyitaw / December 15, 2025
image_latest


စစ်တွေ ဒီဇင်ဘာ ၁၄

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်မည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်ဦးအောင်လင်းဒွေးသည် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကုန်စည်စီးဆင်းမှုနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးနေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ထားရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှု၊ ဒေသခံပြည်သူ လူထုအားတိုက်ရိုက်အကျိုးပြုစေမည့် Quick Win လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် အမှုဆောင်ချုပ်က ရခိုင်တိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားများသည် စာပေလည်းတူသကဲ့သို့၊ရုပ်ရည် အသွင်သဏ္ဌာန်လည်းတူသည့် နိုင်ငံသားများဖြစ်ကြပါကြောင်း၊ နိုင်ငံရေးအကျိုး အမြတ်လိုလားကြသူများက သွေးခွဲစည်းရုံးဟောပြောမှုနှင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် တည်ငြိမ်အေးချမ်းနေသည့် ရခိုင်ပြည်နယ်ကြီးသည် လက်ရှိအခြေအနေတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နှောင့်နှေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

ရခိုင်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအပြင် ကမ္ဘာ့အနှံ့တွင်နေထိုင်လျက်ရှိကြပါကြောင်း၊ ထူးချွန်ထက်မြက်သည့် ရခိုင်တိုင်းရင်းသားပုဂ္ဂိုလ်များများစွာ ပေါ်ထွက်ခဲ့ကြပါကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအလားအလာကောင်းများရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်၍ ကြိုးစားပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ပို့ဆောင်ရောက်ရှိနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ်တို့က ဘက်စုံသုံးဆိပ်ကမ်းအတွင်း သင်္ဘောများဆိပ်ကမ်းရောက်ရှိမှုအခြေအနေ၊ ကုန်တင်ကုန်ချပြုလုပ်နေမှုအခြေအနေ၊ ဆိပ်ကမ်း၏ ရေစူးအတိမ်အနက်အခြေအနေကို ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြချက်များပေါ် အမှုဆောင်ချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဆိပ်ကမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ အမှုဆောင်ချုပ်နှင့်အဖွဲ့ဝင်များသည် ဝင်္ကာပါကွင်း၌ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲနှင့် စတုဒိသာကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ထို့နောက် အမှုဆောင်ချုပ်နှင့်အဖွဲ့ဝင်များသည် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးအား ဖူးမြော်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ဘုရားကြီးသိမ်တော် ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်ကာ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,