၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်)နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့ရရှိ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်)နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့ရရှိ


Ministry of Information/ Naypyitaw / December 05, 2020
image_latest


နေပြည်တော်  ဒီဇင်ဘာ  ၄

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင်  မြန်မာစာပေအကျိုးကို  ထူးချွန် ပြောင်မြောက်စွာ တစ်သက် တာလုံး အားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု သောအားဖြင့်  စာရေးဆရာကြီး ဦးအံ့မောင် (အံ့မောင်)နှင့် စာပေပညာရှင်  ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်- မန်းတက္ကသိုလ်) တို့အား ၂၀၁၉ ခုနှစ်အတွက်  အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရ သည်။

ထိုနည်းတူ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမ အကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ် ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန် ကြေညာရာ ဝတ္ထုရှည်ဆုတွင် မိုးကျော်ဇင် ရေးသားသည့် ငါးဖမ်းသမား စာအုပ်  (ကံ့ကော်ဝတ်ရည် စာပေ)၊ ဝတ္ထုတိုဆုတွင်   နတ်မောက်အနီချို  ရေးသားသည့် လမ်းဆုံးတော့ ရွာမဂ္ဂဇင်း ဝတ္ထုရှည်များ စာအုပ် (လင်းလွန်းခင် စာပေတိုက်)၊ ကဗျာဆုတွင် ပန်ဒိုရာ ရေးသား သည့် ခရုပစ်လောင်ချာ စာအုပ် (နှစ်ကာလများ စာပေ)၊  စာပဒေသာဆုတွင်  ဉာဏ်ဝေ (မြစ်သာမြေ)ရေးသားသည့် နှင်းတောင် တန်းက ပန်းဥယျာဉ် စာအုပ် (ဆိပ်ကမ်း သာစာပေ)၊   ဘာသာပြန်  (သုတ) ဆုတွင် ဘိုးလှိုင်ဘာသာပြန်ဆိုသည့် ဂျဝါဟာလား နေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်းစာအုပ် (နှင်းဆီဖြူစာပေ)၊ ဘာသာပြန်(ရသ)ဆုတွင် စိန်ဝင်းစိန်ဘာသာပြန် ဆိုသည့် ဝါဆော ကရုပ်သေး ဆရာလေးစာအုပ်  (လင်းလွန်း ခင်စာပေတိုက်)၊  သုတပဒေသာ (ဝိဇ္ဇာ) ဆု တွင် ဒေါက်တာ ဇော်နိုင်ရေးသားသည့် ၂၀ရာစုမြန်မာကဗျာများ ပြောင်းလဲဖြစ် တည်လာပုံ စာအုပ် (မိုးသောက်ပန်း စာအုပ်တိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ) ဆုတွင် ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး) ရေးသားသည့် ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ စာအုပ် (ရှင်မတောင် စာပေ)၊ နိုင်ငံရေး စာပေဆုတွင် ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် မြန်မာ့ နိုင်ငံခြား ဆက်ဆံရေးများ စာအုပ် (Quality Publishing House)၊ ရသစာတမ်း(အက်ဆေး) ဆုတွင်မောင်ခိုင် လတ်ရေးသားသည့် ဘုရားသခင်နဲ့ကြွေအန် ကစားသူများ အက်ဆေးစုစည်းမှု စာအုပ် (ဝန်ချတောင်စာပေ) တို့ကို ရွေးချယ်ကြောင်း သိရသည်။

အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသား စာပေဆုများကို တစ်ဆုလျှင် ငွေကျပ်  ၂၅ သိန်း   ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်း ထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက်  ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသောအဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ် ခဲ့ကြကြောင်း သိရှိရသည်။

ဆုရရှိသူများသည်   ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ် ကြရန်နှင့် (၅ x  ၈)လက်မ  ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့  အရွယ်ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို  ကိုယ်ရေး ရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော် ထားကြောင်း သိရသည်။

အဆိုပါ ဆုများကို ၁၃၈၂ ခုနှစ် နတ်တော် လဆန်း ၁ ရက် (စာဆိုတော်နေ့) ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ  ၁၅ ရက်  (အင်္ဂါနေ့)  တွင် ရန်ကုန်မြို့၌  ကျင်းပမည့်  အမျိုးသားစာပေ တစ်သက် တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း  သိရသည်။

 

သတင်းစဉ်

HOT NEWS
January 4,