၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 05, 2026
နေပြည်တော် ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ သယ်ယူပို့ဆောင်ခြင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အတွက် ထားရှိမည့် လျာထားမဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
