(၄၇) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတက်ရောက်ခဲ့စဉ် အိမ်ရှင်နိုင်ငံမှ စီစဉ်သည့် လေ့လာရေးအစီအစဉ်များသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပါဝင်တက်ရောက်

(၄၇) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတက်ရောက်ခဲ့စဉ် အိမ်ရှင်နိုင်ငံမှ စီစဉ်သည့် လေ့လာရေးအစီအစဉ်များသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပါဝင်တက်ရောက်


Ministry of Information/ Naypyitaw / October 06, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၅

ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာ၌ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သော (၄၇) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် အောက်တိုဘာ ၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အရည်အသွေးပြည့်ဝသည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ စနစ်ကျသည့် စိုက်ပျိုးရေးနည်လမ်းများ အသုံးပြုရေးနှင့် ရေသွင်းစနစ်ဆိုင်ရာ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေးအတွက် စီမံခန့်ခွဲနိုင်ရေး စသည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နေပြည်တော်တွင် တည်ဆောက်မည့် ဇီဝလုံခြုံရေး အဆင့် (၃) ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းကို အချိန်မီတည်ဆောက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်ခဲ့သော ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ရုက္ခဗေဒ၊ သတ္တဗေဒနှင့် ဘူမိဗေဒဆိုင်ရာ သမိုင်းကြောင်းများကို ခင်းကျင်းပြသထားသည့် အမျိုးသားသမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

 အဆိုပါလေ့လာရေးခရီးစဉ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံသည် ၁၉၀၀ ပြည့်နှစ်တွင် သစ်တောဖုံးလွှမ်းမှု ၇၀ ရာခိုင်နှုန်းရှိခဲ့သော်လည်း သက္ကရာဇ် ၂၀၁၀ ပြည့်နှစ် ကာလအထိ နှစ် ၁၁၀ ကာလအတွင်း ပျမ်းမျှ ၁၂ ဒသမ ၈ ရာခိုင် နှုန်းသာကျန်ရှိတော့ကြောင်း၊ ထိုသို့သော သစ်တောပြုန်းတီးမှုများကြောင့် အာဆီယံဒေသတွင်း၌ သစ်ပင်ပေါင်း တစ်ဘီလီယံစိုက်ပျိုးမည့်အဆိုပြုလွှာအား တင်ပြခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့်အတူ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ World Trade Center ၌ နှစ်စဉ် အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်လေ့ရှိသော စိုက်ပျိုးရေးဆိုင်ရာ မျိုးစေ့များ၊ သီးနှံများ၊ စားသောက်ကုန်များ၊ လယ်ယာသုံးစက်ကိရိယာများ၊ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ ထွက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနှင့် တောင်သူများအား သင်တန်းပို့ချမှုပုံစံများစသည်တို့ကို ခင်းကျင်းပြသထားသည့် အကြိမ် (၃၀) မြောက် Agri-Link ၊ (၂၄)ကြိမ် မြောက် Food-Link နှင့် (၁၉) ကြိမ်မြောက် Aqua-Link ပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,