ကမ္ဘာ့ကင်းထောက်များ စခန်းချတွေ့ဆုံပွဲ တက်ရောက်မည့် မြန်မာ ကင်းထောက် လူငယ်(၃)ဦး အမေရိကန်နိုင်ငံသို့ ထွက်ခွာ

ကမ္ဘာ့ကင်းထောက်များ စခန်းချတွေ့ဆုံပွဲ တက်ရောက်မည့် မြန်မာ ကင်းထောက် လူငယ်(၃)ဦး အမေရိကန်နိုင်ငံသို့ ထွက်ခွာ


Ministry of Information/ ရန်ကုန် / July 22, 2019
image_latest


ရန်ကုန် ဇူလိုင် ၂၁
အာရှပစိဖိတ် ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက် ဌာနခွဲက ချီးမြှင့်ပေးအပ်သည့် Scholarship အစီအစဉ်ဖြင့် အမေရိကန် ပြည်ထောင်စု၌ ကျင်းပမည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ တွေ့ဆုံပွဲ တက်ရောက်ကြမည့် မြန်မာကင်းထောက် လူငယ် (၃)ဦးဖြစ်သည့် မောင်ခွန်လတ်အောင် (နည်းပညာတက္ကသိုလ် မန္တလေး) မရှင်းသန့်လှိုင် (Brainworks- TOTAL International School Yangon)၊ မောင်ဟိန်းနိုင်စိုး (မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်)တို့သည် ယနေ့ ညနေ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ကင်းထောက်အစီ အစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် ကင်းထောက်ကြီးများ၊ ကင်းထောက် လူငယ်များ၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ပေးအပ်လှူဒါန်း
(၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ စခန်းချတွေ့ဆုံပွဲ တက်ရောက်မည့် မရှင်းသန့်လှိုင် မိသားစုက နိုင်ငံ့ကိုယ်စားပြု ကင်းထောက်အဖွဲ့ဝင်များအတွက် ကင်းထောက်ဝတ်စုံ၊ မြန်မာ ကင်းထောက် အထိမ်းအမှတ် အသုံးအဆောင် ပစ္စည်းများ၊ နိုင်ငံတကာ လူငယ်များနှင့် အမှတ်တရ လဲလှယ်ရန်လိုအပ်သည့် အထိမ်းအမှတ် ပစ္စည်းများကို တာဝန်ယူလှူဒါန်းပြီး ကချင် ပြည်နယ် မြစ်ကြီးနားဇာတိ ကင်းထောက်လူငယ် ခွန်လတ်အောင် မိသားစုကလည်း မိမိနှင့်အတူ အမေရိကန်သို့ ကင်းထောက် ကိုယ်စားလှယ်အဖြစ် သွားရောက်မည့် မောင်ဟိန်းနိုင်စိုးအတွက် ဂုဏ်ပြုချီးမြှင့်သည့် အလှူငွေကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပေးအပ်လှူဒါန်းသည်။
ရွေးချယ်ခံရ
(၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ စခန်းချတွေ့ဆုံပွဲကို ဇူလိုင် (၂၂)ရက်မှ ဩဂုတ် (၃)ရက်အထိ ကျင်းပမည်ဖြစ်ရာ မြန်မာ နိုင်ငံမှ ကင်းထောက်လူငယ် ကိုယ်စားလှယ် (၃)ဦးအနက် မရှင်းသန့်လှိုင်မှာ ကမ္ဘာ့ကင်းထောက်များ စခန်းချ တွေ့ဆုံ ပွဲတွင် Story Programme Speaker အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
သတင်းစဉ်