ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


စစ်တွေ ဩဂုတ် ၂၃

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ် များတွင် လာရောက်လေ့လာသည့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးအန္တရာယ် အတွက် လူသားချင်း စာနာကူညီမှု ဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)နှင့် အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်ရေးအဖွဲ့ (ASEAN ERAT)တို့မှ တာဝန်ရှိ ကိုယ်စားလှယ် များနှင့် စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရိပ်သာ၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား နှစ်နိုင်ငံ သဘောတူညီချက် အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ဩဂုတ် ၂၂ ရက်တွင် စတင်ဆောင်ရွက်ရန် နှင့် လုံခြုံရေးနှင့် ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် လိုအပ်သည်များကို ၎င်းတို့ ဘက်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဩဂုတ် ၁၉ ရက်တွင် မြန်မာအစိုးရသို့ အကြောင်းကြားစာ ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ အကြောင်းကြားစာအရ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံမှ လာရောက်လေ့လာရန် မြန်မာအစိုးရက အာဆီယံဘက်သို့ ဖိတ်ကြားခဲ့ပါကြောင်း၊ အာဆီယံဘက်မှလည်း မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အပေါ်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ် (၆)ဦးပါဝင်သည့် အရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေး အဖွဲ့ကို စေလွှတ်ပေးခဲ့ပါကြောင်း၊ ဘင်္လားဒေ့ရှ်နိုင်ငံက အကြောင်းကြားချက်အတိုင်း အာဆီယံ အဖွဲ့အနေဖြင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းတွင် အသင့်သွားရောက် စောင့်ဆိုင်း ခဲ့ပါကြောင်း၊ သတ်မှတ်ထားသည့် ဩဂုတ် (၂၂) ရက်တွင် ပြန်လည်ဝင်ရောက်သူများ မရှိခဲ့သည်ကို အဖွဲ့အနေဖြင့် မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ပြီး ဖြစ်ပါကြောင်း။

ယင်းကဲ့သို့ ဖြစ်စဉ်မျိုးသည် မိမိတို့အနေဖြင့် ပထမဆုံးအကြိမ် မဟုတ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က တရားဝင် ဆက်သွယ်မှုအရ ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင်လည်း အဆင်သင့် စီစဉ်ထား သော်လည်းပို့လွှတ်ခြင်း မရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြန်လည် လက်ခံရေး အတွက် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်က တည်းကပင် အဆင်သင့် စီစဉ်ဆောင်ရွက်ထားခဲ့ပါကြောင်း၊ ယင်းကဲ့သို့ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များကို နှစ်နိုင်ငံပူးပေါင်း၍ ၁၉၉၃ခုနှစ် ကပင် အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့သည့် အစဉ်အလာများ လည်း ရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြန်လည်လက်ခံရေးစခန်းသို့ ကြိုတင်သွားရောက် ပေးခဲ့သည့် အတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း။

ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှု အစီရင်ခံစာတွင်လည်း အာဆီယံက ပြန်လည် လက်ခံရေး စခန်းများနှင့် ကြားစခန်းတို့ကို ပိုမိုအားဖြည့်ပံ့ပိုးရန်၊ သတင်းအချက် အလက်ဖြန့်ချိရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအနေဖြင့် ပံ့ပိုးဆောင်ရွက် ရန်စသည့် အချက်(၃)ချက်ကို အကြံပြုခဲ့ပါကြောင်း၊ အဆိုပါအကြံပြုချက်များကို အကောင်အထည် ဖော်ရေးအတွက် နည်းပညာလုပ်ငန်းအဖွဲ့ကိုလည်း အာဆီယံမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီမှ ကိုယ်စားလှယ်များနှင့် ဆက်စပ်ဌာန ဆိုင်ရာများ ပါဝင်မှုဖြင့် ဖွဲ့စည်း ထားရှိပြီးဖြစ်ပါကြောင်း၊ ယခုဖိတ်ကြားခဲ့သည့် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွင် လာရောက်ပူးပေါင်းဆောင်ရွက်ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှု စိတ်ဓါတ်ကို ပြသရာရောက်သည့်အတွက်လည်း များစွာဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး Mr. KyAnh Nguyen က ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် လာရောက်လေ့လာရန် မြန်မာနိုင်ငံက ဖိတ်ကြားခဲ့ သည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီရန် အသင့်ရှိပါကြောင်း၊ ကနဦးဆန်းစစ်လေ့လာမှု အစီရင်ခံစာ တွင်ပါဝင်သည့် အကြံပြုချက်များကို အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ပံ့ပိုး ကူညီပေးသွားမည်ဖြစ်ပါ ကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံဝန်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရေးအတွက် ဦးစားပေး၍ ကူညီပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအပြင် အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားစသည့် ဆွေးနွေးဖက်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ပါကြောင်း။

ယခုတစ်ကြိမ် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားဝင် အသိပေးထားသည့်အတိုင်း ပြန်လည်ပို့ဆောင်ခြင်း မရှိခဲ့သော်လည်း မိမိတို့အနေဖြင့် မြန်မာအစိုးရဘက်မှ ကြိုတင်ပြင်ဆင်ထားမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ ရပါကြောင်း၊ မိမိတို့အနေဖြင့် အကျိုးရှိသည့်ခရီးစဉ်ဟုပင် ထင်မြင်ယူဆ ပါကြောင်း၊ ဆက်လက်၍ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများအတွက်လည်း ဆွေးနွေးညှိနှိုင်းပေး နိုင်ခဲ့ပါကြောင်း ဆွေးနွေးခဲ့ပြီး အခြား အဖွဲ့ဝင်များကလည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ကြမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,