ထောင်ဝင်စာတွေ့ဆုံခြင်းနှင့် ပစ္စည်းများပေးသွင်းခွင့်ပြုခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ


Ministry of Home Affairs / July 20, 2022

၁။ အကျဉ်းထောင်/စခန်းအသီးသီးရှိ အကျဉ်းသား၊ အချုပ်သားများ၏ မိတ်ဆွေများ၊ မိသားစုဝင် များအား ထောင်ဝင်စာတွေ့ဆုံခွင့်ပြုပေးလျက်ရှိပါသည်။ အကျဉ်းဦးစီးဌာန၏ ထောင်ဝင်စာတွေ့ဆုံ ခွင့်ပြုသည့်လုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျဉ်းသား၊ အချုပ်သားမခွဲဘဲ ဧည့်တွေ့ခွင့်ကို တစ်ပတ်လျှင် တစ်ကြိမ် တွေ့ဆုံခွင့်ပြုလျက်ရှိပြီး ထောင်ဝင်စာဧည့်တွေ့ချိန်ကို အနိမ့်ဆုံး ၂၅ မိနစ် တွေ့ဆုံခွင့်ပြုထားသော်လည်း ဝေးလံသောဒေသမှ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါက အကျဉ်းထောင်ရှိ လူဦးရေ၊ ဧည့်တွေ့သူလူဦးရေ အနည်း/ အများအပေါ်မူတည်၍ ဧည့်တွေ့ခြင်း အတွက် ခွင့်ပြုချိန်ကို အကျဉ်းထောင်တာဝန်ခံအရာရှိမှ လိုအပ်သလို တိုးမြှင့်ခွင့်ပြုပေးလျက်ရှိပါသည်။ အကျဉ်းသား၊ အချုပ်သား များအား ၎င်းတို့၏ ဥပဒေအကြံပေး(ရှေ့နေများ)နှင့် သီးခြားတွေ့ဆုံ ခြင်းအား ခွင့်ပြုပေး လျက်ရှိပါသည်။

၂။ သို့ရာတွင် ထောင်ဝင်စာတွေ့ဆုံခွင့်နှင့် ရှေ့နေတွေ့ဆုံခွင့်တို့အား လတ်တလောကာလတွင် ခွင့်ပြုပေးနိုင်ခြင်းမရှိသေးသဖြင့် အကျဉ်းသားများနှင့်မိသားစုဝင်များအကြား အဆက်အသွယ်မပြတ် စေရေးအတွက် စာရေးသားဆက်သွယ်ခွင့်၊ ပါဆယ်ပေးသွင်းခွင့်များကို ဥပဒေနှင့်အညီခွင့်ပြု ပေးလျက် ရှိပြီး ရှေ့နေတွေ့ဆုံခွင့်အား လူကိုယ်တိုင်တွေ့ဆုံခွင့်မပြုသေးဘဲ အမှုလိုက်ပါဆောင်ရွက် နိုင်ရန်အတွက် ကိုယ်စားလှယ်လွှဲစာပေါ်တွင် လက်မှတ်ရေးထိုးခွင့်အား ခွင့်ပြုပေးလျက်ရှိပါသည်။ အကယ်၍ ထောင်ဝင်စာ တွေ့ဆုံခွင့်နှင့် ရှေ့နေတွေ့ဆုံခွင့်များအား ပြန်လည်ခွင့်ပြုပေးချိန်တွင် အောက်ပါအတိုင်း ခွင့်ပြုပေး သွားမည်ဖြစ်ပါသည်-

  • ထောင်ဝင်စာတွေ့မည့် ပြင်ပဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ အကျဉ်းထောင်/ စခန်းရှိ ထောင်ဝင်စာဧည့်တွေ့ဌာနစိတ်သို့ သွားရောက်၍ လိုအပ်သော မှတ်တမ်းများ ရေးသွင်းရန်အတွက် စာရင်းပေးသွင်းခြင်း (ဥပမာ- အကျဉ်းကျ၊ အချုပ်ကျခံနေရသော အကျဉ်းသား၊ အချုပ်သား၏ ထောင်ဝင်အမှတ်၊ အမည်၊ ဖခင်အမည်၊ ဖြစ်ပွားသည့် အမှု၏ ပုဒ်မ၊ ပြစ်ဒဏ်၊ နေထိုင်ရသော အဆောင်အမှတ်နှင့် အခန်းနံပါတ်၊ ဧည့်တွေ့ မည့်သူ(ပြင်ပပုဂ္ဂိုလ်)၏အမည်၊ တွေ့ဆုံလိုသည့် ဦးရေ(ပြင်ပပုဂ္ဂိုလ်) စသည်များကို စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။)
  • စာရင်းပေးသွင်းပြီးပါက မိမိနှင့်အတူပါလာသော အကျဉ်းသား/ အချုပ်သားအား ပေးရန်ယူဆောင်လာသော ထောင်ဝင်စာပစ္စည်းများအား မှတ်တမ်းတင်ခြင်း၊ ရှာဖွေခြင်း၊ ဌာနစိတ်တွင်ပေးအပ်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
  • ဝန်ဆောင်ခ။ အခမဲ့ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ။ အောက်ပါအတိုင်းဖြစ်ပါသည်−

  • လာရောက်တွေ့ဆုံသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ရပ်ကွက် အတွင်းနေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ (မူရင်းနှင့် မိတ္တူ ၂ စောင်)
  • အိမ်ထောင်စုဝင်ဇယား (ပုံစံ-၁၀) သို့မဟုတ် မိသားစုဝင်ဖြစ်ကြောင်း ရပ်ကွက် ထောက်ခံစာ(သန်းခေါင်စာရင်း) (မူရင်း နှင့်မိတ္တူ ၂ စောင်)။

ထောင်ဝင်စာတွေ့ဆုံရာတွင် ပစ္စည်းများပေးသွင်းခွင့်

၃။ အကျဉ်းထောင်၊ စခန်းအသီသီးရှိ အကျဉ်းသားများ၊ အချုပ်သားများအား ထောင်ဝင်စာ တွေ့ဆုံစဉ် ပစ္စည်းပေးသွင်းခွင့်အား အောက်ဖော်ပြပါ သတ်မှတ်ချက်နှင့်အညီ စိစစ်ပေးသွင်း ခွင့်ပြု ထားပြီးထောင်တာဝန်ခံအရာရှိများမှ လိုအပ်သလို အတိုး/ အလျော့ပြုလုပ်၍ ခွင့်ပြုပေးလျက်ရှိပါသည်-

  • သစ်သီး တစ်မျိုး ( သင်္ဘောသီးတစ်လုံး သို့မဟုတ် ငှက်ပျောသီး တစ်ဖီး သို့မဟုတ် လိမ္မော်သီး ဆယ်လုံး)၊
  • မုန့်တစ်မျိုး ( ကိတ်ခြောက် သို့မဟုတ် မုန့်ကြွပ် သို့မဟုတ် ဘီစကွတ် တစ်ထုပ်၊ ၂၅ ကျပ်သားခန့်)၊
  • အသားကြော်တစ်မျိုး (ငါး၊ ဝက်သား၊ ကြက်သား၊ ဆိတ်သားအကြော်တစ်မျိုး၊ ၅၀ ကျပ်သားခန့်)၊
  • ဘာလချောင်ကြော်သို့မဟုတ် ငါးပိကြော် သို့မဟုတ် သရက်သီး သနပ်တစ်မျိုးမျိုး၊ ၂၀ ကျပ်သားခန့်)၊
  • အသင့်တစ်ခါစား ခေါက်ဆွဲ သို့မဟုတ် ကြာဇံ သို့မဟုတ် မုန့်ဟင်းခါးထုပ်၊ ၅ ထုပ်၊
  • အသင့်ဖျော် တစ်ခါသောက် ကော်ဖီမစ် သို့မဟုတ် တီးမစ် သို့မဟုတ် ကွေကာအုပ်၊ ၇ ထုပ်၊
  • သွားတိုက်ဆေး ၁ ဘူး၊
  • သွားတိုက်တံ ၁ ချောင်း၊
  • ကိုယ်တိုက်ဆပ်ပြာ ၁ တုံး၊
  • ဆေးဝါးများကို ဆေးလက်မှတ်ထောက်ခံချက်ပါပါက အကျဉ်းထောင် ဆရာဝန်ထံသို့ အပ်နှံထားရှိကာ ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် စားသုံးခွင့်ပြုပါသည်။

မှတ်ချက်။ ယခင်က အထက်ပါအရေအတွက်အတိုင်း ပေးသွင်းခွင့် ပြုထားသော်လည်း ယခုအချိန်တွင်မိမိပေးလိုသလောက် စိစစ်လျက်ပေးသွင်းခွင့်ပြုထားပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

  • သက်ဆိုင်ရာ အကျဉ်းထောင်/စခန်းတည်ရှိသည့် နေရာများ

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

  • သက်ဆိုင်ရာ အကျဉ်းထောင်/စခန်းတည်ရှိသည့် နေရာများ

ဖြည့်စွက်ချက်

၆။ အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ်-၃၇၃ တွင် အောက်ပါပစ္စည်းများအား တားမြစ်ပိတ်ပင်ထားပါသည်-

  • အရက် (သို့မဟုတ်) အရက်ပြန်ပါရှိသောမည်သည့် အရည်အမျိုးအစားမဆို၊
  • ဆေးလိပ်သောက်ရန်၊ ဆေးဝါးရန် (သို့မဟုတ်) ရှူရှိုက်ရန် ပစ္စည်းများဖြစ်သော ဆေးရွက် ဆေးတံများ၊ ကျလင်များအစရှိသည်၊
  • ဂန်ဂျာ(ဆေးခြောက်) ဘိန်း သို့မဟုတ် အခြားဆေးဝါးရန် အဆိပ်ရှိသော ပစ္စည်း တစ်စုံတစ်ရာ၊
  • အဆိပ်ရှိသောပစ္စည်းများ၊ မီးမွေးရန်ပစ္စည်းများ သို့မဟုတ် ကိုယ်အင်္ဂါချို့ယွင်းပျက်စီး စေနိုင်သော ပစ္စည်းများ၊
  • ငွေများ၊ ငွေစက္ကူများ၊ အဖိုးတန်စာရွက်စာတမ်းများ၊ ရွှေငွေလက်ဝတ်တန်ဆာများ (သို့မဟုတ်) အဆင်တန်ဆာအမျိုးမျိုး၊
  • အကျဉ်းထောင်တာဝန်ခံမှ အသိအမှတ်မပြုသောစာအုပ်များ၊ ပုံနှိပ်ပစ္စည်းများ၊ စာများ သို့မဟုတ် စာရေးကိရိယာအမျိုးမျိုး၊
  • ဓားများ၊ လက်နက်များ၊ ကျစ်ကြိုးများ၊ ကြိုးများ၊ ဝါးများ၊ လှေကားများ၊ တုတ်များနှင့် အခြားလက်နက်ကိရိယာများနှင့် ထွက်ပြေးရန်လွယ်ကူသော ပစ္စည်းအားလုံးတို့အား အလုပ်ချိန်မှအပ ထောင်လုပ်ငန်းတွင် အသုံးပြုရန်လိုအပ်သော နေရာများ၌အသုံးပြု၍ ထုတ်ပေးထားသည့် ကိစ္စများဖြစ်သည်။
  • အကျဉ်းထောင် ကုန်လှောင်ရုံမှဖြစ်စေ၊ ကုန်ဖြန့်ဖြူးရေးမှဖြစ်စေ၊ အကျဉ်းသားများ အသုံးပြုရန်အတွက် ထုတ်ပေးခြင်းမဟုတ်သော မည်သည့်ပစ္စည်းများမဆို။

မှတ်ချက်။ အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ်-၃၇၃ တွင် ဖော်ပြမထားသော်လည်း အကျဉ်းဦးစီး ဌာန၏အမိန့်၊ ညွှန်ကြားချက်များဖြင့် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများကိုလည်း ပေးသွင်းခွင့်မပြုပါ။ (ဥပမာ- ဖုန်းများ၊ ကင်မရာများနှင့် အခြားသောအီလက်ထရောနစ် ဆက်စပ်ပစ္စည်း စသည်များ)



mnp.rating-v2 Portlet is temporarily unavailable.