ပွင့်လင်းမြင်သာမှုနှင့် ကိုဗစ်-၁၉

ပွင့်လင်းမြင်သာမှုနှင့် ကိုဗစ်-၁၉


Ministry of Information/ ​နေပြည်တော် / March 27, 2020
image_latest


မြန်မာ့နိုင်ငံရေးတူရူ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ပြောင်းလဲလာသည့်အခါ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်တို့နှင့် တွဲလျက်ပါသည်မှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ဟူ၍ ဖြစ်၏။

ဒီမိုကရေစီစနစ်သည် နိုင်ငံတွင်းရှိ ပြည်သူလူထုအားလုံး ဝိုင်းဝန်းပါဝင် ကျင့်ကြံတည်ဆောက်ရသည့် ပြည်သူလူထုကို အခြေပြုသော ပြည်သူအဓိကစနစ်ဖြစ်၏။ ပြည်သူလူထုနှင့်အတူ လက်တွဲချီတက် ရသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်ဖြစ်၏။ ထို့ကြောင့် အစိုးရများသည် မည်သည့် မဟာဗျူဟာ လုပ်ငန်းစဉ်များကို မည်သို့စီမံလုပ်ဆောင်သွားမည်ဆိုသော အစီအစဉ်များအား ပြည်သူလူထုကောင်းစွာ သဘောပေါက်နားလည် စေရန် ရှင်းလင်းတင်ပြ အစီရင်ခံပေးရ၏။

တစ်နည်းဆိုသော် အစိုးရဘာတွေလုပ်နေသည်၊ သို့မဟုတ် ဘာတွေလုပ်ဖို့ စီစဉ်နေသည်၊ ဘာကြောင့် လုပ်နေသည်၊ ဘယ်ပုံဘယ်နည်းလုပ်ရန်ရှိသည် စသည်တို့ကို ပြည်သူလူထုကို အသိပေးရ၏။ ဤသည်ကိုပင် ပွင့်လင်းမြင်သာမှုဟု ဆိုရမည်ဖြစ်ပါသည်။

နိုင်ငံအတွင်း၌ ပွင့်လင်းမြင်သာမှုရှိသည်နှင့်အမျှ နိုင်ငံတော်၏ စီမံဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ပြည်သူလူထုက ယုံကြည်ကိုးစားမှု ရှိလာမည်။ ပြည်သူလူထုကလည်း မိမိတို့၏အခြေအနေမှန် သဘောထား မှန်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခြင်း၊ စီမံကိန်းများသည် လူထု၏ဆန္ဒနှင့် ညီမညီ ဆိုသည်ကို စနစ်တကျ ဆန်းစစ်ဝေဖန်ခြင်းတို့ဖြင့် လုပ်ငန်း အကောင်အထည်ဖော်ရေးများ တွင်ကျယ်မည် ဖြစ်ပေ သည်။ ပွင့်လင်းမြင်သာမှုဟူသည် နိုင်ငံတွင်းဖြစ်ပျက်နေသည်များကို အစိုးရ ဖြစ်စေ၊ အဖွဲ့အစည်းများဖြစ်စေ အစိတ်အပိုင်းအသီးသီးနှင့်အတူ ပြည်သူလူထုနှင့် အပြန်အလှန် ပွင့်လင်းစွာဆက်ဆံခြင်း၊ ဖုံးကွယ်မှု များမပါဘဲမြင်သာ ထင်သာ သိသာစေခြင်းတို့ပဲ ဖြစ်ပါသည်။

ယခုအရေးပေါ်အခြေအနေဖြစ်နေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအစပိုင်း၌ ဖြစ်ပွားသည့် နိုင်ငံများတွင် ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု ဝေဖန်ကြပြီး ထိုသို့ပွင့်လင်းမြင်သာ မရှိခြင်းကပင် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဆိုးရွားသွားစေသည်ဟု ဆိုပါသည်။ ထို့အတူပင်၊ အခြားသော နိုင်ငံများ ဆီသို့ ကူးစက်လာသည့်အခါများတွင်လည်း ရောဂါပိုးကူးစက်လာသူများက အမှန်အတိုင်း သတင်း မပို့ဘဲ ဖုံးကွယ်လိမ်ညာမှုများကြောင့် မဖြစ်သင့်ဘဲဖြစ်ခဲ့ရသည်ဟု သိရပါသည်။ မပွင့်လင်းမှုများ၊ လိမ်ညာ ဖုံးကွယ်မှုများကြောင့် ရောဂါကူးစက်မှု ကိန်းဂဏန်းများစွာတိုးပွားလာခဲ့ပြီး လူအမြောက် အမြား အသက်ဆုံးရှုံး ခဲ့ရသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အရှိန်ယူတည်ဆောက်နေသည့် တိုင်းပြည်အနေဖြင့် ပွင့်လင်း မြင်သာမှုကို မဖြစ်မနေတည်ထောင်နေသည့် အားလျော်စွာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး စတင်ပျံ့နှံ့ လာသည့် အချိန်ကစ၍ အခြေအနေအမျိုးမျိုးတို့၏ ပြောင်းလဲဖြစ်ပေါ်နေသည်တို့ကို ပုံမှန် သတင်း ထုတ်ပြန်နေခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့က သတင်းမှန်များ ထုတ်ပြန်ခြင်း၊ ပညာပေးကြေညာချက်များ ဖြန့်ချိ ပေးခြင်းတို့ဖြင့် ဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ နိုင်ငံအတွင်း၌ အလွန် အကျွံဖြစ်မှုများ မပေါ်ပေါက်စေဘဲတည်တည်ငြိမ်ငြိမ်ရှိအောင် ထိန်းသိမ်း နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အလွန်ဆိုးရွားနေသည့် နိုင်ငံတကာအခြေအနေများကြားတွင် မြန်မာနိုင်ငံက ယခုအချိန်ထိ ထိန်းထိန်း သိမ်းသိမ်းရှိနေနိုင်ခြင်းမှာ ပြည်သူလူထုနှင့် အုပ်ချုပ်သူတို့ကြားရှိ ပွင့်လင်းမြင်သာရှိမှုက အရေးပါသည့် အကြောင်းအချက်တစ်ရပ်ဟု မြင်ပါသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း၌ ရောဂါပိုးရှိနေသူ သုံးဦးရှိနေသည်ကို အတည်ပြုထားပြီးဖြစ်၏။ ထို့နောက် နိုင်ငံရပ်ခြားမှ ပြန်လာကြသူ အများအပြားရှိနေသည့်အတွက် နောက်ထပ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုး ရှိနေသည့်သူများ ထပ်မံထွက်ပေါ်လာနိုင်စရာလည်း ရှိနေသည်ဖြစ်၏။

ရောဂါပိုးရှိသူတိုင်း ရောဂါဖြစ်နိုင်ခြင်း မဟုတ်သကဲ့သို့ ရောဂါရှိသူတိုင်းလည်း သေဆုံးနိုင်သည် မဟုတ်ပါ။ စောစောသိခြင်းက လူတို့၏ ထိခိုက်ပျက်စီးမှုကို ကုသနိုင်သည်သာမက အခြားသူများသို့ ကူးစက်ပြန့်ပွား နိုင်ခြင်းကိုလည်း ကောင်းစွာကာကွယ်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူတို့အနေဖြင့် သတင်းမှန်များကို နားထောင်သည် သာမက၊ သတင်းမှန်များကို သက်ဆိုင်ရာ ဌာနအသီးသီးသို့ ပေးပို့အသိပေးခြင်း၊ ထုတ်ပြန်ကြေညာထားသော ဆောင်ရန် ရှောင်ရန် တို့ကို နာခံကျင့်ကြံခြင်း၊ ထုတ်ပြန်ထားသောဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာခြင်းတို့ဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုးကို ထိန်းသိမ်းကာကွယ်နိုင်ကြမည်၊ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဆိုးဆိုးရွားရွားမဖြစ်ပေါ်ရေးကို ထိန်းချုပ်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

HOT NEWS
January 4,