ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ပံ့ကူညီသည့် ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းနှင့် လူပုဂ္ဂိုလ်များ တင်ဆောင်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ် ရောက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ပံ့ကူညီသည့် ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းနှင့် လူပုဂ္ဂိုလ်များ တင်ဆောင်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ် ရောက်ရှိ


Ministry of Information/ ရန်ကုန် / July 05, 2020
image_latest


ရန်ကုန် ဇူလိုင် ၅

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် ဆေးဝါးအထောက်အကူပစ္စည်းများနှင့် လူပုဂ္ဂိုလ်များ တင်ဆောင်လာသည့် နဝမအကြီမ်မြောက်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ် (Humanitarian Flight) အဖြစ် UN  Asia လိုင်းလေယာဉ်သည် ယနေ့ နံနက် ၁၀ နာရီတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ၊ ကမ္ဘာ့စာနပ်ရိက္ခာအစီအစဉ်၏ ဒုတိယဌာနေကိုယ်စားလှယ် Mr. Walid Ibrahim က “ဒီနေ့ခရီးစဉ်က WEPရဲ့ နဝမအကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်၊ ဒီခရီးစဉ်မှာတော့ WHO နှင့် ယူနီဆက်တို့မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးနှင့်ပတ်သက်တဲ့ ဓာတ်ခွဲခန်းသုံး ဆေးပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ Mask များအပြင် ဂျာမန်နိုင်ငံ၊ ICRC၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်၊ ကျွမ်းကျင်ဝန်ထမ်းများ လိုက်ပါလာသည့်အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း” ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်တွင် သယ်ဆောင်လာသောပစ္စည်းများသည် (W.H.O)နှင့် ယူနီဆက်တို့မှ လှူဒါန်းထားသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ Mask များဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်နှင့် ကျွမ်းကျင်ဝန်ထမ်း(၉)ဦးတို့က မြန်မာနိုင်ငံကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန်အတွက် လိုက်ပါယူဆောင်လာကြောင်း သိရှိရသည်။

ယခုပြေးဆွဲသောခရီစဉ်သည် နဝမအကြိမ်မြောက်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းထားသည့် အချိန်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ကိုယ်စား၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WEP)၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့်မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တို့ကို အပတ်စဉ် ချိတ်ဆက်ပြေးဆွဲပေးနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုခရီးစဉ်ဖြစ်ကြောင်း သိရသည်။

WEP၏ အဆိုပါအစီအစဉ်သည် ကမ္ဘာ့အနှံ့အပြားရှိ သယ်ယူပို့ဆောင်ရေးဌာန (Logistics Hubs) များနှင့် ချိတ်ဆက်ပြီး အရေးပေါ်လိုအပ်ချက်ရှိသည့် နိုင်ငံများဆီ ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

ထို့အတူမြန်မာနိုင်ငံ၏ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်္ကာပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ရန်ကုန်အနောက်ပိုင်းခရိုင်ပြန်/ဆက်)

HOT NEWS
January 4,