နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏နောက်ခံသမိုင်း


          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်မည့်  နိုင်ငံတော်အခြေခံမူများ သတ်မှတ်ရေးအတွက် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့်  အမျိုးသားညီလာခံစုံညီအစည်းအဝေးက အခြေခံမူ ၁၀၄ ချက်ချမှတ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေးနှင့် သက်ဆိုင်သောအခြေခံမူကို အမျိုးသားညီလာခံ အစု အဖွဲ့(၈)ဖွဲ့ ကိုယ်စားလှယ်အားလုံးက အညီအညွတ်သဘောတူ ဆုံးဖြတ်ချမှတ်ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသည့်အမျိုးသားညီလာခံ စုံညီအစည်းအဝေး တွင် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းရေး၊ အဖွဲ့ဝင်များ၏ အရည်အချင်း၊ ခုံရုံးသက်တမ်း၊ အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ခုံရုံးအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို သတ်မှတ်သည့် နည်းလမ်း နှင့်အညီသာ တင်သွင်းခွင့်ရှိစေရေး စသည့် ခုံရုံးနှင့်စပ်လျဉ်းသော အသေးစိတ် အခြေခံရမည့် မူများကို ချမှတ်ခဲ့ကြသည်။

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မူကြမ်းရေးဆွဲရေး ကော်မရှင်သည် ၁၆-၉-၁၉၉၃ ရက်နေ့တွင် ကျင်းပခဲ့သည့်  အမျိုးသားညီလာခံ စုံညီ အစည်းအဝေးကချမှတ် ခဲ့သည့်  "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေး" နှင့်စပ်ဆိုင်သောအခြေခံမူကို အခန်း(၁)၊ "နိုင်ငံတော်အခြေခံမူများ"အခန်း၊ ပုဒ်မ ၄၆ အဖြစ်လည်းကောင်း၊ ၂-၈-၂၀၀၇ ရက်နေ့ကျင်းပ ခဲ့သည့် စုံညီအစည်းအဝေးကချမှတ်ခဲ့သည့် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းခြင်း၊ ခုံရုံးလုပ်ငန်း တာဝန်၊ ခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု၊ ခုံရုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်  သဘောထားရယူရန် တင်သွင်းခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း နှင့် ခုံရုံးသက်တမ်းနှင့်စပ်လျဉ်းသော အသေးစိတ်အခြေခံမူများကို အခန်း (၆)၊ "တရားစီရင်ရေး" အခန်း၊ ပုဒ်မ ၃၂၀ မှ ၃၃၆ ပါပြဋ္ဌာန်းချက်များအဖြစ် ပြဋ္ဌာန်းခဲ့သည်။

          အထက်ဖော်ပြပါ ချမှတ်ခဲ့သည့်အခြေခံမူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တွင် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး"တစ်ရုံးဖွဲ့စည်းပြီး၊ ထိုခုံရုံးက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဋ္ဌာန်းမည့် အခြေခံဥပဒေကြီး အရှည်ခန့်၍ တည်တံ့စေရန် ဆီဗီလ်ဥပဒေစနစ် (Civil Law System) ကျင့်သုံးသော နိုင်ငံများအသုံးပြုသည့် "ဖွဲ့စည်းပုံအခြေခံဥပဒေကြီးစိုးလွှမ်းမိုးရေးမူ" (Principle of the Supremacy of Constitution)ကို အသုံးပြုအကောင်အထည်ဖော် ပြဋ္ဌာန်းဆောင်ရွက် နိုင်ရေးဖြစ်သည်။ ဤမူသည် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့်  ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့်  တရားစီရင်ရေးအာဏာတို့ကို အခြေခံဥပဒေဖြင့်  ပိုင်းခြားခွဲဝေအပ်နှင်းထားသော ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးအာဏာပိုင်အစိုးရနှင့်  တရားလွှတ်တော်၊ တရားလွှတ်တော်ချုပ်တို့က အခြေခံဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းကျင့်သုံးသော အခြေခံဥပဒေစနစ်ကို ၂၀၀၈ခု ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာမှသာ ဖော်ဆောင်နိုင်ခဲ့သည်။ 
       
           မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်းတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရ "… ပြည်သူ အတွက်အရေးကြီးသော ဥပဒေကြောင်းဆိုင်ရာပြဿနာပေါ်လျှင်၊ ပေါ်ရန်အကြောင်းရှိလျှင် နိုင်ငံတော် သမ္မတသည် ထိုပြဿနာကို တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ကြားနာစစ်ဆေးပြီး သမ္မတထံအစီရင်ခံနိုင်ရမည်။ …" ဟူ၍ ပြဋ္ဌာန်းကျင့်သုံးခဲ့ကြ သဖြင့် ဖွဲ့စည်းပုံအခြေခ ံဥပဒေဆိုင်ရာအငြင်းပွားမှု၊ ဥပဒေအနက် အဓိပ္ပါယ်ဖွင့်ဆိုမှုတို့ကို ထိုစဉ်က တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ပေးခဲ့ပါသည်။ ၁၉၇၄ ခုနှစ် တွင် ပေါ်ပေါက်လာခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၀၀ နှင့် ၂၀၁ တို့အရ "နိုင်ငံတော်ကောင်စီ၊ ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် အခြေခံဥပဒေနှင့်ကိုက်ညီခြင်း ရှိ၊ မရှိဆုံးဖြတ်ရန်" လိုအပ်ပါကလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ပေါ်ပေါက်လာပါကလည်းကောင်း ပြည်သူ့လွှတ်တော် ကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းကျင့်သုံးခဲ့ကြသည်။ 
     
          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဥပဒေပြုလွှတ်တော်များကပြဋ္ဌာန်းသည့်  ဥပဒေများ၊ အုပ်ချုပ်ရေးအာဏာပိုင် အစိုးရ၏ဆောင်ရွက်ချက်များသည် အခြေခံဥပဒေ နှင့်ညီမညီစိစစ်ခြင်း၊ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်းအပါအဝင် အခြေခံဥပဒေပုဒ်မ ၃၂၂-၃၂၃ ပါ ခုံရုံး၏လုပ်ငန်းတာဝန် များနှင့် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့်  လုပ်ငန်းတာဝန်များကို ဆောင်ရွက်မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

Website လိပ်စာ

www.myanmarconstitutionaltribunal.org.mm