စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး သတ်မှတ်စည်းကမ်းများလိုက်နာ
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး သတ်မှတ်စည်းကမ်းများလိုက်နာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 05, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စည်းကမ်းချက်များကို မတ်လ ၃ ရက်က အများပြည်သူသို့ အသိပေးထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။ ထိုသို့ထုတ်ပြန်လိုက်သည့်အတွက် အများပြည်သူများကြား၌ ဂယက်ရိုက်ခတ်မှုရှိမည်ဖြစ်သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ယခင်ကလည်းကြုံတွေ့ခဲ့ဖူးသဖြင့် စိုးရိမ်ပူပန်မှုကြီးကြီးမားမားမဖြစ်ဘဲ အခိုက်အတန့်အနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုပါသည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများဖြစ်ပေါ်လျက်ရှိရာ ပဋိပက္ခဖြစ်ပွားနေသည့်နေရာရှိ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်သည့်အတွက် ရေနံသယ်ယူပို့ဆောင်မှု ရပ်တန့်သွားပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် ဂယက်ရိုက်ခတ်မှုများရှိလာခဲ့သည်။ ဟော်မုဇ်ရေလက်ကြားသည် လောင်စာဆီတင်သွင်းသည့် သင်္ဘောများခုတ်မောင်းရာ အဓိကကျသည့်ရေလမ်းကြောင်းနေရာဖြစ်သည်။ အဆိုပါရေလက်ကြားကို ပိတ်လိုက်သည့်အတွက် စက်သုံးဆီတင်သွင်းမှု အတားအဆီး၊ အဟန့်အတားများနှင့် ပိတ်ဆို့ရပ်တန့််မှုများဖြစ်ပေါ်ခဲ့သည်။ စက်သုံးဆီတင်သွင်းမှုရပ်တန့်သွားသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက်ရပ်တည်နိုင်မည့်အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။
အစီအစဉ်မှာ ကမ္ဘာ့နိုင်ငံရေး၊ အရှေ့အလယ်ပိုင်းအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စက်သုံးဆီလုံလောက်မှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးမော်တော် ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များအနေဖြင့် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခဲ့သည်။ (က) လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသော မော်တော်ယာဉ်များ (ဥပမာ - 2A/----- ၊ 4A/ ----- စသည်ဖြင့်)၊ “မ” ရက်များတွင် “မ”နံပါတ်အက္ခရာပါသော မော်တော်ယာဉ်များ (ဥပမာ- 1A/----- ၊ 3A/----- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များသာ မောင်းနှင်အသုံးပြုရန်ဖြစ်သည်။ (EV မော်တော်ယာဉ်/ EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)
(ခ) နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/ နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်း ကြိုပို့ ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးတွင် အသုံးပြုသည့် ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ရုံးလုပ်ငန်းအသုံးပြုသည့် ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များအနေဖြင့် အသုံးပြုနိုင်သည်။ (ဂ) စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူတို့အနေဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် အသိပေးထားသည်။ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် တစ်စုံတစ်ရာ ထပ်မံ၍ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မော်တော်ယာဉ်များအတွက် သတ်မှတ်ထားသည့် နံပါတ်ပြား၏ အက္ခရာအမှတ်အသားကို “စုံ/မ”ခွဲခြားသတ်မှတ်၍ လမ်းအသုံးပြုခြင်းကို စိစစ်သတ်မှတ် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ လတ်တလောတွင် ဂယက်ရိုက်ခတ်မှုရှိမည်ဖြစ်သော်လည်း ထိုကိစ္စသည် အထူးအဆန်းမဟုတ်သည်ကို သတိပြုနိုင်သည်။ ထိုအစီအစဉ်သည် မြန်မာနိုင်ငံတစ်နိုင်ငံတည်း ကျင့်သုံးခြင်းမဟုတ်ဘဲ အမေရိကန်၊ အိန္ဒိယကဲ့သို့ နိုင်ငံကြီးများတွင်လည်း ကျင့်သုံးခဲ့ဖူးသည်။ ယခုဖြစ်စဉ်ကဲ့သို့ ရေနံရောင်းနိုင်ငံများ၌ ပိတ်ဆို့ဟန့်တားမှုများဖြစ်ပေါ်သည့် အခါတွင် နိုင်ငံများအနေဖြင့် အဆိုပါနည်းလမ်းကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ စက်သုံးဆီပြတ်လပ်မှုနှင့် လမ်းပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည်။
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ လေထုညစ်ညမ်းမှုများ အနည်းအများဖြစ်ပွားလျက်ရှိသည်။ အဓိကအကြောင်းရင်းများတွင် မော်တော်ယာဉ်နှင့် စွမ်းအင်သုံးစွဲမှု မြင့်မားလာမှုများလည်းပါဝင်သည်။ ယခုကဲ့သို့ မော်တော်ယာဉ်များကို စုံ/မ အက္ခရာအလိုက် လမ်းပေါ်ထွက်မှု ကန့်သတ်လိုက်ခြင်း ကြောင့် ရလဒ်အနေဖြင့် လမ်းမများပေါ်တွင် မော်တော်ယာဉ်စီးရေထက်ဝက်ခန့် လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ နိုင်ငံများအနေဖြင့် စွမ်းအင်အကျပ်အတည်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ လေထုညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုတို့ကို အဆိုပါနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် အလေ့အထများရှိသည်။
သို့ဖြစ်ရာ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော စက်သုံးဆီအခက်အခဲဖြစ်မည့်အရေးကို ထိန်းသိမ်းနိုင်ရန်အတွက် မော်တော်ယာဉ်များကို စုံ/မ အက္ခရာအလိုက် လမ်းပေါ်ထွက်မှုကန့်သတ်လိုက်ခြင်းသည် အခက်အခဲအဟန့်အတားများထက် ကောင်းကျိုးများကိုဖြစ်စေသောကြောင့် မော်တော်ယာဉ်သုံးစွဲသူများအနေဖြင့် ခြိုးခြံချွေတာရာလည်းရောက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုပါ အထောက်အကူပြုမည်ဖြစ်ရာ အဆိုပါအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Posted on Mar 4, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Posted on Mar 3, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Mar 3, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
