စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ထင်ရှားကျော်ကြားသူများ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းစကားသံများ
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ထင်ရှားကျော်ကြားသူများ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းစကားသံများ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2026
ဦးကြည်စိုးထွန်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)
လောကနိယာမအတိုင်း အဟောင်းအဟောင်းတို့ချုပ်ငြိမ်းပြီး အသစ်အသစ်တို့ ပေါ်လာကြပါတယ်။ အခုနှစ်ဟောင်းကုန်ပြီး နှစ်သစ်ကိုကူးပြောင်းခဲ့ပြီ။ နှစ်ဟောင်းက အပြစ်အနာအဆာတွေကို သင်ခန်းစာယူပြီး နှစ်သစ်မှာ အကောင်းအမွန်တို့ ဖြစ်ထွန်းလာစေဖို့ ဆက်လက်ကြိုးပမ်းကြရမှာဟာ လူ့ဘဝရဲ့တာဝန်တစ်ရပ်ပါ။
ယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့တဲ့ မြန်မာလူမျိုးတွေဟာ ဘာသာတရားရဲ့အဆုံးအမနဲ့ ကောင်းမွန်သောဓလေ့ထုံးစံတွေကိုလိုက်နာပြီး ညီညွတ်သော စိတ်ထားတွေနဲ့ နယ်ပယ်အသီးသီးမှာ ကြီးမားသော အောင်မြင်မှုများရရှိကြပါစေ။ နှစ်သစ်အခါသမယမှာ မြန်မာပြည်သားအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်စွာနဲ့ နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြသူများဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုတောင်းစကား ပါးလိုက်ရပါတယ်။
ဦးလွင်မြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟို)
ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေဝေတဲ့ အချိန်အခါ၊ အဟောင်းတွေညောင်းလို့ အသစ်တွေပြောင်းတဲ့ကာလ နှစ်သစ်မင်္ဂလာမှာ နိုင်ငံသူနိုင်ငံသားတွေအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သပါတယ်။
နိုင်ငံတော်သည်လည်း နှစ်သစ်ကူးကာလကစတင်ကာ အသစ်အသစ်သော အေးချမ်းသာယာဖွံ့ဖြိုးမှုရောင်ခြည်တွေ ယှက်သန်းနေမယ်လို့ ယုံကြည်ပြီး လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတတရားတွေ ပြေပျောက်ပြီးတော့ ချစ်ခြင်းတရားလွှမ်းမိုးပြည့်စုံတဲ့ နိုင်ငံတော်ကြီးဖြစ်မှာ သေချာတဲ့အတွက် အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ နိုင်ငံတော်သစ်ကို ကြိုဆိုကြပါစို့လို့ နှစ်သစ်ဆုတောင်း စကားပြောကြားလိုပါတယ်။
အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း (နာယက၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး)
နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ လန်းဖြာကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ သဘင်လောကသားတွေလည်း လုပ်ငန်းတွေအဆင်ပြေကြပြီး နှစ်သစ်မှာ စီးပွားရေးအခွင့်အလမ်းသစ်တွေနဲ့ နိုင်ငံနဲ့ပြည်သူကို အလုပ်အကျွေးပြုနိုင်ကြပါစေ။ ကမ္ဘာသူ ကမ္ဘာသားများအားလုံးလည်း ကျန်းမာချမ်းသာ လန်းဖြာကြပြီး ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။
ဦးအောင်လွင် (ရုပ်ရှင်သရုပ်ဆောင်)
အားလုံးမင်္ဂလာပါခင်ဗျာ။ အခုဆိုရင် ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းပါပြီ။ မြန်မာ့ရုပ်ရှင်ဆိုရင်လည်း နှစ်ပေါင်း ၁၀၅ နှစ်ကနေ ၁၀၆ နှစ်ကို ဝင်ရောက်ခဲ့ပါပြီ။ ရုပ်ရှင်ထုတ်လုပ်သူ၊ ပြသသူ၊ ရုပ်ရှင်လောကအလွှာအသီးသီးနဲ့ ရုပ်ရှင်ကို အစဉ်အားပေးခဲ့ကြတဲ့ ပြည်သူ၊ ပြည်သားအပေါင်း၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ လန်းဖြာကြပါစေ။ မြန်မာ့ရုပ်ရှင်အသက်ရှင်အောင် ပံ့ပိုးပေးခဲ့ကြတဲ့ ရုပ်ရှင်ချစ်မြတ်နိုးသူ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နှစ်သစ်မှာ နှလုံးစိတ်ဝမ်းအေးချမ်းပြီး ကျန်းမာသုခ အဖြာဖြာနဲ့ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ပန်းချီစိုးမိုး (ဒါရိုက်တာ)
နှစ်သစ်ချိန်ခါမှစပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ အချိန်ဟာ ပုံမှန်ရွေ့လျားပြီး ဘယ်သူ့ကိုမှမစောင့်ဘဲ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးနေပါတယ်။ အခု ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ပြောင်းလဲပြီ။ ကုန်ဆုံးပြီးခဲ့သောအချိန်တွေမှာ မိမိဘဝနဲ့ မိသားစုဘဝအတွက်လည်းကောင်း၊ ဘာသာသာသနာအတွက်လည်းကောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက်လည်းကောင်း ကောင်းကျိုးအထွေထွေကို ဆောင်ရွက်ခဲ့ပြီးဖြစ်မယ်လို့ ယုံကြည်မိပါတယ်။
အခု ၂၀၂၆ ခုနှစ် နှစ်သစ်ကို ရောက်ရှိပြီဖြစ်တဲ့အချိန်မှာ မြင့်မြတ်သော စိတ်ထား၊ နှလုံးသားနဲ့ မိမိဘဝကို ပိုမိုကောင်းမွန်စေဖို့နဲ့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ သာသနာအကျိုးကို သယ်ပိုးစောင့်ရှောက် ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံး နှစ်သစ်ကစပြီး စိတ်သစ်၊ ကိုယ်သစ်နဲ့ မိမိဒေသအကျိုး၊ နိုင်ငံအကျိုးတို့ကို စွမ်းစွမ်းတမံ ငြိမ်းချမ်းစွာ လက်တွဲဆောင်ရွက်နိုင်ကြပါစေကြောင်း စေတနာဆန္ဒများစွာနဲ့ တောင်းဆုပြုအပ်ပါတယ်။ နှစ်ဦးမှစပြီး ပေါင်းစည်းညီညာ အေးချမ်းသာယာကြွယ်ဝချမ်းသာတဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်လာစေဖို့ စိတ်တူကိုယ်တူ ကြိုးစားကြပါ စို့လို့ တူညီသောဆန္ဒပြုရင်း နှစ်သစ်ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
ဒေါ်နွဲ့နွဲ့စန်း(ရုပ်ရှင်သရုပ်ဆောင်)
ကမ္ဘာကြီးအေးချမ်းပြီး မြန်မာနိုင်ငံလည်း အေးချမ်းသာယာစေလို ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး ကပ်ဘေးအပေါင်းမှ ကျော်လွှားနိုင်ကြပါစေ။ နိုင်ငံအကြီးအကဲတွေနဲ့ ပြည်သူပြည်သား အပေါင်း ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေ။ ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ။ အနုပညာကို ချစ်မြတ်နိုးကြတဲ့ ပြည်သူ ပြည်သားအပေါင်း အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွား လာဘ်လာဘများ တိုးတက်ကြပါစေ။ အနုပညာမျိုးဆက်သစ်တွေအနေ နဲ့ စာရိတ္တခိုင်မာစွာနဲ့ အနုပညာကိုလေးစားပြီး သမိုင်းကောင်းရေးထိုး နိုင်ကြပါစေ။ ရုပ်ရှင်လောကသားအပေါင်းလည်း လုပ်ငန်းတွေ အဆင်ပြေချောမွေ့ပြီး အမောများပြေကြပါစေ။ ခုနစ်ရက်သားသမီးများ နှစ်ခြိုက်တဲ့ ဇာတ်ကားတွေရိုက်ကူးနိုင်ပြီး ဇာတ်ကားများများ ထုတ်လုပ်နိုင်ကြ ပါစေ။ ထုတ်လုပ်သူတွေနဲ့ ရုပ်ရှင်လောကသားတွေအားလုံး အဆင်ပြေ ကြပြီး ကျန်းမာချမ်းသာစွာ အေးချမ်းမှုအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှစ်သစ်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ဓာတ်ပုံ-ဇွဲမာန်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Posted on Jan 1, 2026မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Posted on Jan 1, 2026မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
သတင်းထုတ်ပြန်ချက်
Posted on Dec 31, 2025
