တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး
တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2026
နေပြည်တော် ဧပြီ ၂၄
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ တို့၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
