တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၉) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၉) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 25, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၉) သီဟတပ်ခွဲသင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်(ကိုယ်စား) နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင် စည်သူဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဗထူးတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘများနှင့်ဆွေမျိုးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)မှ နည်းပြများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၉)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၉၊ ဗိုလ်လောင်း ရဲထွဋ်အောင်အား ငွေဓားဆုချီးမြှင့်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်(ကိုယ်စား) နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင်“တပ်မတော် (ကြည်း) တွင် အရည်အချင်းပြည့်ဝသော အရာရှိများ ဖြစ်ပေါ်လာစေရန်နှင့်ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍ စစ်မြေပြင်တွင်တိုက်ပွဲဝင်နိုင်စေရန်”ဆိုသည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၏ ရည်ရွယ်ချက်နှင့်အညီ စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် လေ့ကျင့်သင်ယူတတ်မြောက်ခဲ့ပြီးဖြစ်၍ စစ်မြေပြင်နှင့်လက်တွေ့နယ်ပယ်များတွင် တာဝန်ထမ်းဆောင်ကြမည့်သူများကို သိသင့်သိထိုက်သည့် မှာကြားစရာရှိများကို အလေးအနက်ထားမှာကြားသွားမည်ဖြစ်ကြောင်း။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) မှတစ်ဆင့် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ ဗမာ့အမျိုးသားတပ်မတော်(BNA)၊ မျိုးချစ်ဗမာ့တပ်မတော်(PBF)နှင့် ဗမာ့တပ်မတော်(Burma Army) အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို ပြည်သူ့ရှေ့က ဦးဆောင်မှုပြုကာ ရယူကာကွယ်ထိန်းသိမ်းလျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်လည်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ဆိုးများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံအတွင်း ဝါဒစွဲကြီးမားမှုတွေကို အခြေခံပြီး ဂိုဏ်းဂဏကွဲပြားမှုတွေကတစ်ဆင့် ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ကြုံတွေ့လာခဲ့ရသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမည့် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းပြီး ပြည်သူများနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနေရခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းမှုကာလသမိုင်းစဉ်များတွင် တပ်မတော်၏ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့မှုများနှင့် ယနေ့မျက်မှောက်ကာလ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ဦးဆောင်ပါဝင်ဆောင်ရွက်နေမှုများကိုကြည့်မည်ဆိုပါက တပ်မတော်သည် မျိုးချစ် စိတ်ကိုအခြေခံပြီး သန္ဓေတည်ပေါက်ဖွားလာသည့် မျိုးချစ်တပ်မတော်တစ်ရပ်ဖြစ်ကြောင်း ကိုပြောကြားလိုကြောင်း။

မကြာမီ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင် သူများအနေဖြင့် မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သည့်ခေါင်းဆောင်မှုနှင့် ဦးဆောင်လမ်းပြနိုင်ရန် လိုအပ်သကဲ့သို့ စွမ်းရည်သုံးရပ်နှင့် ပြည့်စုံအောင်လည်း တည်ဆောက်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ အလိုလိုတတ်မြောက်စေသည့် ပညာရပ်မဟုတ်ဘဲ ကိုယ်တိုင်လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်မှုမှ ကြုံတွေ့ရသည့်အတွေ့အကြုံများမှသာ ခေါင်းဆောင်မှုပညာကို တတ်မြောက်ကြခြင်းဖြစ်ကြောင်း၊ မှန်ကန်သည့်ခေါင်းဆောင်မှုပေးနိုင်ရန် မျှတသည့် စိတ်ထား၊ မှန်ကန်သည့် သဘောထားနှင့် လက်အောက်ငယ်သားများအပေါ် ကျောသား၊ ရင်သားမခွဲခြားဘဲ တော်တည့်မှန်ကန်စွာ ကွပ်ကဲအုပ်ချုပ်ရန်နှင့် ကိုယ်ကျင့်တရားမြင့်မားရိုးသားစွာ နေထိုင်သွားကြရန်လိုအပ်ကြောင်း။

သင်တန်းကာလတစ်လျှောက်လုံးတွင် စစ်မှုအတတ်ပညာရပ်များနှင့် စစ်ဘက်ခေါင်းဆောင်မှုပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည့်အတွက် တပ်မတော် မှာပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ချက်အတိုင်း လက်တွေ့လုပ်ငန်းခွင်တွင် မိမိကွပ်ကဲရသည့် လက်အောက်ငယ်သားများအပေါ် မိဘသဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်များနှင့် ကွပ်ကဲကြပ်မတ်ရမည်ဖြစ်သကဲ့သို့ ကိုယ်တိုင်ကလည်း စိတ်ဓာတ်၊ စည်းကမ်းအရာမှာ စံနမူနာပြဖြစ်ပြီး မိမိအဖွဲ့အစည်းက အားကိုးအားထားရသည့်ခေါင်းဆောင် ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

အဖွဲ့အစည်းတစ်ခု၏ အောင်မြင်တိုးတက်မှု၊ ဆုတ်ယုတ်ကျဆင်းမှုသည် အဆိုပါအဖွဲ့အစည်းကို ဦးဆောင်သည့် ခေါင်းဆောင်တစ်ဦးအပါအဝင် ကွပ်ကဲမှုအောက် ဖွဲ့စည်းထားသည့် အရာရှိ၊ စစ်သည်များအားလုံး၏ သင်ကြားပြီးသား စစ်မှုအတတ်ပညာကို တိုက်ပွဲစွမ်းအားများနှင့် စနစ်တကျပေါင်းစပ်အသုံးချတတ်မှု၊ ကြိုးစားအားထုတ်မှုနှင့် စစ်စည်းကမ်းလိုက်နာမှုတို့အပေါ်တွင် များစွာအခြေတည်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့်လည်း စတင်ပေါက်ဖွားခဲ့သည့်အချိန်ကစ၍ ယနေ့အချိန်အထိ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခြင်းသည် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများ၏ စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုတွေကြောင့်ပင်ဖြစ်သည့်အတွက် စည်းကမ်းနှင့် ပတ်သက်လာပါက အသေးအဖွဲကအစ တိတိကျကျစောင့်ထိန်းလိုက်နာကြရန်လိုအပ်ကြောင်း၊ စည်းကမ်းသည် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းနှင့် မလုပ်သင့်၊ မလုပ်ထိုက်သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်၏ စစ်သည်တော်ကျင့်ဝတ် (၆၀) ပါးသည် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်ရန်တိုက်တွန်းထားသည့် စည်းကမ်းချက်များဖြစ်သည့်အတွက် လိုက်နာရန်လိုအပ်သကဲ့သို့ တပ်မတော်အက်ဥပဒေပါ ပြစ်မှု (၄၁) မျိုးမှာ မလုပ်ဆောင်သင့်၊ မလုပ်ဆောင်ထိုက်သည်များကို တားမြစ်ထားသည့် စည်းကမ်းချက်များဖြစ်သည့်အတွက် ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်နှင့်အမိန့်များကို လိုက်နာမှုအားနည်းလျှင်ဖြစ်စေ၊ မလိုက်နာနိုင်လျှင်ဖြစ်စေ အဆိုပါတပ်သည် အောင်မြင်မှုနှင့် တဖြည်းဖြည်းဝေးကွာပြီး အရှုံးများနှင့်သာကြုံတွေ့ရမည်ဖြစ်ကြောင်း။

တပ်မတော်သားများသည် မိမိနိုင်ငံကို ကာကွယ်လိုသည့်စိတ်နှင့် တပ်မတော်သို့ မိမိတို့၏ သဘောဆန္ဒအလျောက် ဝင်ရောက်တာဝန်ထမ်းဆောင်ကြသည့် နိုင်ငံသားများဖြစ်သည့်အတွက် ပြဋ္ဌာန်းထားသော စစ်ဘက်ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းဥပဒေများကို တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ နိုင်ငံသားတစ်ဦးအနေဖြင့်လည်း နိုင်ငံတော်က ချမှတ်ထားသည့် တည်ဆဲဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာကြရသူများဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်သည် စည်းကမ်းကို အဓိကမဏ္ဍိုင်ပြုပြီး တည်ဆောက်ထားခြင်းကြောင့် စည်းကမ်းနှင့်အညီနေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး လက်အောက်ငယ်သားများကိုပါ စည်းကမ်းလိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြရမည့်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ယောက်ဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များကို အချိန်မရွေး၊ နေရာမရွေး ထမ်းဆောင်နိုင်ရမည်ဖြစ်၍ ကျန်းမာကြံ့ခိုင်မှုရှိအောင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရေးကသာ တည်ဆောက်ပေးနိုင်ခြင်းဖြစ်၍ မိမိကွပ်ကဲအုပ်ချုပ်ရသည့် စစ်သည်များကို စွမ်းဆောင်ရည်မြင့်မားအောင် စနစ်တကျ တိုက်ပွဲကာလပြင်ပရသည့်အချိန်တိုင်းတွင် စစ်ပညာရပ်များကို အကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်ပေးနေရန် အထူးပင်လိုအပ်ကြာင်း၊ သို့မှသာ သင်ယူတတ်မြောက်ထားသည့် စစ်အတတ်ပညာရပ်များကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်မည်ဖြစ်သည့်အပြင် တိုက်ပွဲတိုင်းကို အောင်မြင်မှုရရှိရမည်ဆိုသည့် ယုံကြည်ချက်သည်လည်း အရာရှိ၊ စစ်သည်များ၏ ရင်ထဲ၊ အသည်းထဲတွင် စွဲမြဲယုံကြည်နေမည်ပင်ဖြစ်ကြောင်း။

ထို့အပြင် ကျန်းမာရေးနှင့်ဘဝကို ထိခိုက်စေနိုင်သည့် အရက်၊ ကွမ်းယာ၊ ဆေးလိပ်နှင့် လောင်းကစားမှုများကို ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး မိမိကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစားနှင့် အပျော်အပါးများကို အသိစိတ်နှင့် ထိန်းသိမ်းရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် မိမိဝင်ငွေနှင့် ထွက်ငွေကိုမျှတအောင် သုံးစွဲတတ်ရမည်ဖြစ်ကြောင်း၊ အသောက်အစား၊ အပျော်အပါးကင်းသည့် တပ်မတော်သားဘဝကို တည်ဆောက်ရမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်မှုရှိအောင် ကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်း။

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရန်အတွက် သုတ၊ ရသစာပေများအပြင် မျက်မှောက်ခေတ် စစ်ပညာရပ်များနှင့်ဆိုင်သည့် ဂျာနယ်များ၊ စာအုပ် စာပေများကို ရှာဖွေဖတ်ရှုရန် လိုအပ်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် အတွေးအခေါ်နှင့် အယူအဆများကို မြင့်မားစေသည့်အပြင် ကိုယ်ကျင့်တရားနှင့် အသိပညာကောင်းများကို ရရှိစေနိုင်မည်ဖြစ်သည့်အတွက် အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။

တပ်မတော်တစ်ရပ် အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်ရေးသည် အသက်သွေးကြောပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်ငယ်များ ကျွမ်းကျင်တတ်မြောက်အပ်သည့် စစ်ဘက်ခေါင်းဆောင်မှုပညာ၊ စစ်နည်းဗျူဟာနှင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ကိုင်တွယ်အသုံးပြုသည့် စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရန်လိုကြောင်း၊ တစ်ဦးချင်းစီ၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိ၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ ရှိရန်လိုအပ်ပြီး နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက ဖြစ်ပေါ်လာနိုင်သည်များကို အဆင့်နှင့်လျော်ညီစွာ ကြိုတင်မြော်တွေးပြင်ဆင်လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် တိုးတက်ပြောင်းလဲလျက်ရှိပြီး ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်၊ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် တပ်မတော်၏ လေ့ကျင့်ရေးမူဝါဒများနှင့်အညီ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အစဉ်ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ်လေ့ကျင့်နေကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး သင်ယူထားသည့် စစ်ပညာရပ်များကို ကျွမ်းကျင်စွာအသုံးချနိုင်သည့် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော စစ်သည်တော်ကောင်းများ ဖြစ်လာကြမည်ဖြစ်ကြောင်း။

သင်ကြားလေ့ကျင့်ပေးလိုက်သည့်ပညာရပ်များသည် အခြေခံသဘောမျှသာဖြစ်သည့်အတွက် လက်တွေ့အသုံးချသည့်အခါ ခေါင်းဆောင်ငယ်များပီပီ ထိုးထွင်းကြံဆတီထွင် လုပ်ကိုင်ဆောင်ရွက်တတ်မှုနှင့် သင်ကြားလေ့ကျင့်ခဲ့သည့် ပညာရပ်များကို ပေါင်းစပ်ပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ကြမည့် တပ်မတော်သားများအနေဖြင့် ကာကွယ်ရေးစွမ်းရည်ပြည့်ဝစေရန် “အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရမည်” ဆိုသည့် မြဲသုံးမြဲနှင့်ပြည့်စုံအောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အခြားနိုင်ငံများနည်းတူ မိမိတို့တပ်မတော်ကိုလည်း တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ကြိုးစားတည်ဆောက်နေသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ဆိုမှာ စစ်သည်တစ်ဦးချင်းစီ၏ အရည်အသွေး၊ အရည်အချင်းများပင်ဖြစ်ပြီး အဆိုပါအရည်အသွေး၊ အရည်အချင်းမြင့်မားရန်အတွက် အမြဲပဲလေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ တိုက်စွမ်းအားဆိုသည်မှာ စစ်လက်နက် စွမ်းပကား၊ ယာဉ်ယန္တရားများနှင့် ခေတ်မီစစ်ဝတ်တန်ဆာများကို စွမ်းအားပြည့်အသုံးချနိုင်မှုပင်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်မြင့်တက်စေရန်အတွက် နည်းပညာဖွံ့ဖြိုးမှုနှင့်အညီ ပေါ်ပေါက်လာသည့် စစ်လက်နက်ပစ္စည်းများကို အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

တပ်မတော်တစ်ရပ် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားနိမ့်ကျသွားသည်နှင့်အမျှ အခြားနိုင်ငံများ၏ ထိပါးစော်ကားခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို ခံရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝအောင် လေ့ကျင့်ရေးကဏ္ဍများ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် နည်းစနစ်တကျ မခိုမကပ်ဘဲ ရရှိသည့်အချိန်တိုင်းတွင် အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

တပ်မတော်အနေဖြင့် လွတ်လပ်ရေးရပြီနောက်ပိုင်း ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ ပြည်ပ ကျူးကျော်မှုအန္တရာယ်၊ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဆူပူမှုအရေးအခင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ ခေတ္တထိန်းသိမ်းရတဲ့အချိန်အတွင်း ဆူပူအကြမ်းဖက်မှုနှင့် စစ်ရေးခြိမ်းခြောက်မှုများ၊ ကိုဗစ်အန္တရာယ်ဆိုး၊ ၂၀၂၃ ခုနှစ် အဖျက်စွမ်းအားကြီးမားတဲ့ မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်မှာ နှစ်ပေါင်း ၁၀၀ အတွင်း တစ်ကြိမ်သာ ဖြစ်ပေါ်ဖူးတဲ့ ရာဂီမုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု၊ ၂၀၂၅ ခုနှစ်မှာ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိသည့် မန္တလေး၊ စစ်ကိုင်းငလျင်ဘေးဆိုးကြီးစသည့် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားလှသည့် အရေးကိစ္စတို့နှင့်ကြုံတွေ့ခဲ့ချိန်တိုင်းတွင် နိုင်ငံတော်နှင့်ပြည်သူ၏ အကျိုးစီးပွားအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ထက်သန်စွာနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များနှင့် သဘာဝဘေးဒဏ်ခံစားနေကြရသည့် ပြည်သူလူထုများ၏ ဘေးဆိုးအန္တရာယ်များကို လူ့အသက်ထက်မည်သည့်အရာမှ အရေးမကြီးဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်အတိုင်း အထက်အဆင့်ဆင့် အမိန့်စောင့်စရာမလိုဘဲ ဖြစ်စဉ်နေရာ၌ ဦးစွာရောက်ရှိပြီး သဘာဝဘေးဆိုးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်း ပေးခဲ့ရသကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း မူလအဆင့်အတန်းထက် ပိုမိုမြင့်မားစေရေး ရည်မှန်းဆောင်ရွက်ရန် လမ်းညွှန်ချက်ကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်လျက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်နှင့် ကျေပွန်စွာထမ်းဆောင်ခဲ့သည်ကို အားလုံးသိမြင်ကြပြီးဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေချိန်တွင် နိုင်ငံတော်နှင့် တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈)၊ ပုဒ်မ ၃၈၃ တွင် “နိုင်ငံသားတိုင်း သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားပြီးဖြစ်သောကြောင့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူပြီး ဦးဆွေးဆံမြည့်ကာကွယ်စောင့်ရှောက်သွားကြရန်အထူးမှာကြားလိုကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်၏ပကတိလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေး ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိမှသာ ခိုင်မာတိုးတက်သည့် လူမှုစီးပွားဘဝများကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအခက်အခဲများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိကြောင်း။

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိသည့် မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးအမိန့်များထုတ်ပြန်ခဲ့ပြီး တပ်မတော်က နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များကို ထိထိရောက် ရောက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အကြမ်းဖက်သမားများသည် ခိုအောင်းနေသည့် မြို့ရွာတော်တော်များများမှ ဆုတ်ခွာထွက်ပြေးနေကြပြီဖြစ်သကဲ့သို့ NUG ၊ CRPHနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် PDF အမည်ခံအကြမ်းဖက်သမားအချို့သည်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လက်ခံလာပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်း တစ်ဖွဲဖွဲဝင်ရောက်လာမှုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ယနေ့ထိ အလင်းဝင် စုစုပေါင်း ၁၃၄၁ ဦးရှိနေပြီး ဆက်လက်၍လည်း အလင်းဝင်ရောက်ရန် ဆက်သွယ်နေကြဆဲဖြစ်ကာ အမှောင်ကာလအတွင်း ဥပဒေနှင့်ငြိစွန်းခြင်းမရှိသည့် အလင်းဝင်ရောက်သူများကို နိုင်ငံတော်နှင့်သက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီးတို့မှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြပြီး မိဘဆွေမျိုးရင်ခွင်အတွင်းသို့ လိုအပ်သည့်၊ တတ်နိုင်သည့်ထောက်ပံ့ပေးမှုများနှင့် လွှဲပြောင်းပေးခဲ့ရာ အလင်းဝင်ရောက်သူများအနေဖြင့်လည်း စိတ်လက်ချမ်းသာစွာဖြင့် မိသားစုများနှင့် အေးချမ်းပျော်ရွှင်နေကြပြီဖြစ်ကြောင်း။

နယ်မြေတည်ငြိမ်အေးချမ်းရေး ပြန်လည်ရယူနိုင်ခဲ့သည့် မြို့နယ်များကို အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လူနေအဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝအေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပေးအပ်လာသည့် တာဝန်မှန်သမျှကို မမှိတ်မသုန် ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အလွန်ရုပ်ဆိုး အကျည်းတန်သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၁)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)ပါ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”ဆိုသည့် ပြဋ္ဌာန်းချက်အတိုင်း တပ်မတော်သည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်နှင့်အညီ တပ်မတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်နှင့်အညီ နိုင်ငံတော်ကို ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်အောင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။

ဒီမိုကရေစီစနစ်တွင် လွတ်လပ်ပွင့်လင်းပြီး တရားမျှတသည့် ရွေးကောက်ပွဲသည် အရေးကြီးဆုံးဖြစ်ခြင်းကြောင့် ၂၀၂၃ ခုနှစ်လောက်မှ စတင်ပြီး ရွေးကောက်ပွဲအတွက် တစ်ဆင့်ပြီးတစ်ဆင့် လိုအပ်သည်များကိုပြင်ဆင်စီမံခဲ့ရာမှ နောက်ဆုံးလွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ အပိုင်း ၃ ပိုင်းခွဲပြီး အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်း အနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ပြည်သူများက ဆန္ဒမဲပေးခဲ့ကြတာကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တပ်မတော်အနေဖြင့် လုံခြုံရေးပိုင်းအပါအဝင် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့သလို နိုင်ငံတော်အစိုးရမှလည်း တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် နိုင်ငံတကာမှ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်၍ လာရောက်လေ့လာစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာ ရွေးချယ်ပေးလိုက်သည့် ရွေးကောက်ပွဲကပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ လက်ရှိနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်က လွှဲအပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဘက်လိုက်မှုကင်းကင်းနှင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေမှုများဖြစ်သကဲ့သို့ သမိုင်းမှတ်တမ်းကောင်းများလည်းဖြစ်ကြောင်း၊ မိမိနိုင်ငံနှင့် တပ်မတော်၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်။

နိုင်ငံ့အင်အား တောင့်တင်းခိုင်မာမှုရှိရေးအတွက် တပ်မတော်အင်အားတောင့်တင်းရမည် ဖြစ်သကဲ့သို့ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုရိုးအတိုင်း တပ်မတော်နှင့်ပြည်သူ စည်းလုံးညီညွတ်မှသာ ခိုင်မာသည့် စည်းလုံးညီညွတ်မှုအင်အားကို ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အခြေခံသည့် တပ်တွင်း/တပ်ပြင်စည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာစေရန်အတွက် လက်အောက်စစ်သည်များနှင့် မိသားစုဝင်များအပေါ် မိသားစုသဖွယ်၊ ညီအစ်ကိုမောင်နှမသဖွယ် ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း။

မျက်မှောက်ကာလတွင် ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် လူမှုကွန်ရက်များကို အသုံးပြုပြီး တပ်မတော်သိက္ခာကျအောင် ထိုးနှက်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မိသားစုဝင်များကို မှန်ကန်သည့် အသိ၊ အမြင်၊ ယုံကြည်ချက်၊ ခံယူချက်ဖြစ်ပေါ်စေရေးအတွက် မှန်ကန်သည့် ဦးဆောင်လမ်းညွှန်မှုများနှင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။ ထို့အပြင် တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာအောင်တည်ဆောက်နိုင်ရန်သာမက တပ်ပြင်စည်းလုံးညီညွတ်ရေးကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

တပ်ပြင်စည်းလုံးညီညွတ်ရေး ခိုင်မာစေရန်အတွက် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးနှင့်အညီ နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါကလည်း လူသားချင်းစာနာထောက်ထားမှုအပြည့်နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြာင်း၊ မိမိတို့တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အလိုက် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တတ်နိုင်သည့်ဖက်မှ ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ပေးခြင်းစသည့် လုပ်ငန်းများတွင်လည်း အားသွန်ခွန်စိုက်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ သို့မှသာ တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်ပြီး တပ်ပြင်စည်းလုံး ညီညွတ်ရေးသည်လည်း ခိုင်မာအားကောင်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးသည် အရေးကြီးသည့် အခြေခံအချက်ဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

မိမိတာဝန်ယူကွပ်ကဲရသည့် လက်အောက်ငယ်သားများအပေါ် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့်အညီ ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့် တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ပြီး ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်၊ တိုက်စွမ်းရည်ပြည့်ဝသည့် တပ်ဖွဲ့ဝင်များ ဖြစ်စေရန်အတွက် လေ့ကျင့်ရေးကို စစ်ဆင် ရေးတစ်ရပ်ကဲ့သို့ ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပေးအပ်လာသည့် တာဝန်ဟူသမျှကို မမှိတ်မသုန် ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူပြီး ဦးဆွေးဆံမြည့် တတ်စွမ်းသရွေ့ ကာကွယ်စောင့်ရှောက်သွားကြရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရမည့် အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင် ရွက်သွားကြပါရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ရိပ်သာခန်းမ၌ ထူးချွန်ဆုရ ဗိုလ်လောင်းများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Posted on Feb 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Posted on Feb 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။