တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)ကျင်းပ
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 31, 2025

နေပြည်တော် ဇူလိုင် ၃၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု လစဉ်တိုးတက်များပြားလာ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို နှစ်လတစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ယခုအခါ အကြိမ် (၂၀) မြောက်ရှိပြီဖြစ်ကြောင်း၊ ယခင်အစည်းအဝေး (၁၉) ကြိမ်အထိ ဆုံးဖြတ်ချက် ၆၅၃ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်နှစ်ချက်ရှိကြောင်း၊ ပထမအချက်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို ယခုထက်ပို၍ ထိထိမိမိဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ မှာကြားချက်အပေါ် မိမိတို့ကော်မတီအနေဖြင့်လည်း ယခုထက်ပို၍ ဖမ်းဆီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ မသမာမှုနည်းလမ်းပေါင်းစုံရှိနေမှုတို့ကို ဖော်ထုတ်ဖမ်းဆီးတိုက်ဖျက်နိုင်မှသာ တရားမဝင် ကုန်သွယ်မှုများသည် လျော့နည်းပပျောက်သွားမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍ လအလိုက် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှုသည် လစဉ်တိုးတက်များပြားလာကြောင်း၊ ထိုသို့ ဖမ်းဆီးရရှိမှုတိုးလာခြင်းသည် တရားမဝင်ကုန်ပစ္စည်းများလအလိုက် နိုင်ငံအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှုများပြား နေခြင်းကိုလည်းဖော်ပြနေကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုလုံးဝကင်းစင်သည်အထိ ယခုထက်ပိုမို၍ ကြပ်ကြပ်မတ်မတ် ဝိုင်းဝန်းဖော်ထုတ် ဖမ်းဆီးခြင်းများ ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဒုတိယအချက်အနေဖြင့် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး အချို့နေရာများ၌ ပို့ကုန်သွင်းကုန် မညီမျှမှုမဖြစ်စေရန်နှင့် ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးတန်းတူနီးပါး ညီမျှမှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးတိုက်ဖျက်ရာတွင် နယ်မြေအခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ နယ်စပ် ကုန်သွယ်ရေးစခန်းအချို့ကို ခေတ္တပိတ်ထားရကြောင်း၊ ထိုသို့ပိတ်ထားရသည့်အတွက် Normal Trade ကို ရေလမ်းကြောင်းမှတစ်ဆင့် အဓိကဆောင်ရွက်လျက်ရှိပါကြောင်း၊ Normal Trade တွင်လည်း ပို့ကုန်နှင့်သွင်းကုန် စစ်ဆေးကြပ်မတ်မှုနှင့် စာရင်းမှန်ကန်မှုတို့တွင် ယိုပေါက်များရှိကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဆို့တားဆီးနေသော်လည်း နည်းမျိုးစုံဖြင့် တရားမဝင်တင်ပို့ခြင်း၊ တင်သွင်းခြင်းများ စသည်တို့တွင်လစ်ဟာနေသည့် ယိုပေါက်များ ရှိနေသေးကြောင်း၊ ဇူလိုင်လအတွင်း မိမိတို့ဦးဆောင်ကော်မတီသို့ သတင်းပေးတိုင်ကြားမှုကြောင့် မြဝတီနယ်စပ်ဘက်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၄၄ စီးမှာ ဘားအံမြို့မှဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန်တရားမဝင် ဖြတ်သန်းသွားမှုအခြေအနေကိုသိရှိရ၍ ချက်ချင်းသက်ဆိုင်ရာအထူးအဖွဲ့များနှင့် OSS ဝန်ထမ်းများမှ တစ်ဆင့်ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ၁၃၂ စီးကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း။
ယင်းဖြစ်စဉ်နှင့် ဆက်စပ်လျက်သက်ဆိုင်ရာ တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်းမပြုခဲ့သလို မော်တော်ယာဉ်အလိုက် တင်ဆောင်လာသည့် တရားမဝင်ကုန်ပစ္စည်းစာရင်းများကိုလည်း မှန်မှန်ကန်ကန်စစ်ဆေးခြင်းမရှိဘဲ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝမရရှိစေသည့် မသမာသော လုပ်ဆောင်ချက်များဖြင့် ဝန်ထမ်းတစ်ဦးချင်းအပါအဝင် မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း နောက်ဆက်တွဲ ဖော်ထုတ်တွေ့ရှိရသည့်အတွက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးများတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ ဝန်ထမ်းများက ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ပြုလုပ်ကြရန် အမြဲမှာကြားထားပြီးဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းအပေါ်ထားရှိသည့် သစ္စာတရား၊ ဝန်ထမ်းဂုဏ်သိက္ခာနှင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိခဲ့ကြသည့် ပါဝင်ပတ်သက်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း၏ အရေးကိစ္စများတွင် မိမိပါဝင်ပတ်သက်သည့် အဖွဲ့အစည်းနှင့် ယှဉ်လာပါက အဖွဲ့အစည်းကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်ယှဉ်လာပါက နိုင်ငံတော်၏ အရေးကိစ္စ၊ အကျိုးစီးပွားကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှု လုပ်ဆောင်နေကြသူများ၏ အသုံးချခံမဖြစ်ကြစေလိုကြောင်း၊ ယင်းကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အမြဲမပြတ် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စနစ်တကျ ကြပ်မတ်ဆောင်ရွက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “MSMEs လုပ်ငန်းများအတွက်လည်း လိုအပ်သည့် ကုန်ကြမ်းများရရှိရေးမှာ အဓိကအရေးကြီးလိုအပ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် MSMEs လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်မှလည်း နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်ခြင်း၊ ဒေသအလိုက် တရားမဝင်သယံဇာတများ ထုတ်ယူခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်စေလျက်ရှိ၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း” လမ်းညွှန်မှုပြုခဲ့ကြောင်း။
ဖမ်းဆီးရရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ၃ နှစ်နှင့် ၆ လတာကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ ၂၅၂၃၁ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၆၆၃ ဒသမ ၉၁၉ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရရှိခဲ့မှုသည် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီးရမိမှုများ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ထိုသို့ဖမ်းဆီးရမိခြင်းသည် တာဝန်ကျေပွန်စွာဖြင့် သစ္စာရှိရှိဆောင်ရွက်နေသည့် ဝန်ထမ်းများကြောင့်ဖြစ်သလို တစ်ဖက်ကလည်း မိမိကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်၍ မသမာသောလုပ်ရပ်များဖြင့် ပါဝင်ပတ်သက်နေသည့် သစ္စာမဲ့ဝန်ထမ်းများရှိသည့်အတွက် စိစစ်ဖော်ထုတ် အရေးယူသွားရမည်ဖြစ်ကြောင်း။
ဖမ်းဆီးရရှိမှုများကို ကြည့်မည်ဆိုပါက မေလနှင့်ဇွန်လများအတွင်း ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က အများဆုံး၊ ရှမ်းပြည်နယ်က ဒုတိယအများဆုံးနှင့် စစ်ကိုင်း တိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော် ယာဉ်၊ တရားမဝင် ကုန်စည်တင်မော်တော်ယာဉ်နှင့် ရေယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက ဒုတိယအများဆုံးနှင့် တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရှိရကြောင်း။
တရားဝင်လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများအပါအဝင် အခြားကုန်ပစ္စည်းများကို ဝန်ကြီးဌာနအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည်အသွေးများ ကိုက်ညီမှုရှိရန် လိုအပ်သည့်အပြင် တာဝန်ကျဝန်ထမ်းများက စစ်ဆေးကြပ်မတ်ရမည်ဖြစ်ကြောင်း၊ စစ်ဆေးကြပ်မတ်ရမည့် ဝန်ထမ်းများကလည်း ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိပြီး မျက်မြင် စစ်ဆေးခြင်းထက် ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးသွားရန်လိုကြောင်း၊ သို့မှသာ ဝင်ရောက်လာသည့် အရည်အသွေးပြည့်မီသည့် ပစ္စည်းများသည် အမှန်တကယ်သုံးစွဲမည့် ပြည်သူများလက်ဝယ်သို့ရောက်ရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုများ ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေ
တရားမဝင် ကုန်သွယ်မှုများသည် ကမ္ဘာ့နိုင်ငံအများစုတွင် အဓိကမူဝါဒရေးရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ကြုံတွေ့နေသည်ကို သိရှိရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများသည် မြေပြင်တွင် တရားမဝင်နည်းလမ်းများနှင့် ကုန်သွယ်မှုပြုနေကြသကဲ့သို့ အွန်လိုင်းမှတစ်ဆင့်လည်းပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှု မရှိစေရေး တားဆီးစစ်ဆေးရာတွင် နည်းပညာအကူ အညီရယူ၍ လိုအပ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့တရားမဝင် ကုန်သွယ်မှုများကို နိုင်ငံတော်အတွက် တားဆီးတိုက်ဖျက်ရန် မိမိတို့ဦးဆောင်ကော်မတီနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတွင်ရှိသည့် တရားမဝင်ကုန်သွယ်မှု အထူးအဖွဲ့များ၊ ကော်မတီများအောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအားလုံး၏ တာဝန်ဖြစ်ကြောင်း။
ဆက်လက်၍ ယခုဇူလိုင်လ ၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး သွင်းကုန်ယာဉ်စစ်ကွင်းတွင် ကုန်တင်မော်တော်ယာဉ် လေးစီးနှင့်ယာဉ်ငယ်များကို သီးခြားယာဉ်စစ်စင်ဖြင့် နှစ်စီးတစ်ပြိုင်နက်တည်း စစ်ဆေးနိုင်ခြင်း၊ ပို့ကုန်ယာဉ် စစ်ကွင်းတွင် ကုန်တင်မော်တော်ယာဉ် နှစ်စီးနှင့် ယာဉ်ငယ်များကို နှစ်စီးတစ်ပြိုင်နက်တည်း စစ်ဆေးနိုင်ခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်မည့်အပြင် စစ်ဆေးချိန်ကြာမြင့်မှုများကို လျှော့ချနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါဂိတ်မှ တရားမဝင်ပစ္စည်းများကို နည်းမျိုးစုံဖြင့်တင်သွင်းရန် ကြိုးစားသော်လည်း ကျွမ်းကျင်ဝန်ထမ်းများ၏ စစ်ဆေးမှုကြောင့် လက်နက်ခဲယမ်းအပါအဝင် တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် မိမိအဖွဲ့အစည်းအကျိုး၊ နိုင်ငံတော်အကျိုးအတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြရန် ထပ်မံသတိပေး တိုက်တွန်းပြောကြားလိုကြောင်း၊ သတိပြုရန်အချက်မှာ လုံခြုံရေးအပိုင်းသည် အရေးကြီးသည့်အတွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေကြ သည့် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ လုံခြုံရေးသတိရှိရန် လိုအပ်သလို အဖွဲ့အစည်း၏ လုံခြုံရေးကို နယ်မြေဒေသရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း။
နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ Transnational Alliance to Combat Illicit Trade(TRACIT) နိုင်ငံဖြတ်ကျော် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့၏ ဖော်ပြ ချက်အရ တရားမဝင်ကုန်သွယ်မှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက် မနိမ့်ကျဘဲ ဆက်လက်ဖြစ်ပွားနေသည်ကို သိရှိရကြောင်း၊ ယင်းသည် တရားမဝင်ငွေကြေးစီးဆင်းမှုမှတစ်ဆင့် သွားနေကြခြင်းဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး တိတိကျကျစစ်ဆေး ဖော်ထုတ်သွားကြရမည်ဖြစ်ကြောင်း။
စစ်ဆေးရေးအဖွဲ့များက သစ္စာရှိရှိ စစ်ဆေးဆောင်ရွက်
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပြုလုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ ရှိနေသည့်အတွက် နိုင်ငံတော်အတွက် အခွန်အခမှတစ်ဆင့် ဘဏ္ဍာငွေရရှိမှုများစွာနစ်နာ ဆုံးရှုံးမှုများရှိကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်နှင့်ပြည်တွင်း သို့ တရားဝင်ဝင်ရောက်လာသည့် သွင်းကုန်မှာ ညီမျှမှုမရှိဘဲ ကွာခြားမှုများရှိနေသည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့် ဧပြီလတွင် မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးသည်အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၉၂ သန်းဖြစ်ပြီး ထိုင်းနိုင်ငံဘက် သွင်းကုန်တန်ဖိုးမှာ ၂၁ ဒသမ ၉၈၂ သန်းဖြစ်သည့်အတွက် ၉ သန်းကျော် ကွာခြားလျက်ရှိကြောင်း၊ သွင်းကုန်ပိုင်းတွင် စာရင်း အရ ထိုင်းဘက်မှ ပို့ကုန်တန်ဖိုးသည် ၁၁၃ ဒသမ ၉၇ သန်းဖြစ်ပြီး မိမိတို့ဘက်မှ သွင်းကုန်လက်ခံ တန်ဖိုးမှာလည်း ၆ သန်းကျော်သာရှိသည့်အတွက် ၁၀၇ သန်းကျော် ကွာခြားလျက်ရှိကြောင်း၊ ယင်း အတွက် နှစ်နိုင်ငံအစိုးရအချင်းချင်း ကုန်သွယ်မှုအချိုးတူညီစေရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များကလည်း သစ္စာရှိရှိ စစ်ဆေးဆောင်ရွက်ကြရန်လိုအပ်ပြီး တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ထိုသို့ ကုန်သွယ်မှုတန်ဖိုးမညီမျှမှုကြောင့် နိုင်ငံတော်မှရရှိမည့် အခွန်အခများမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ နစ်နာသလို အဆိုပါတရားမဝင် ပို့ကုန်၊ သွင်းကုန်တန်ဖိုးအတွက် သုံးစွဲလိုက်သည့် နိုင်ငံခြားသုံးငွေ၊ ရရှိလာသည့် နိုင်ငံခြားသုံးငွေတို့မှ အဆိုပါ တရားမဝင်ကုန်သွယ်မှုကို သစ္စာမဲ့နိုင်ငံဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံ တော်၏ နိုင်ငံခြားသုံးငွေများစွာ နစ်နာသလို တရားမဝင်ရရှိလာသည့် နိုင်ငံခြားသုံးငွေများလည်း Cryptocurrency ကဲ့သို့ တရားမဝင် ငွေကြေးစီးဆင်းမှုမှတစ်ဆင့် မိမိတို့နိုင်ငံ၏ နိုင်ငံခြားငွေရရှိနိုင်မှုကိုလည်း များစွာထိခိုက်နစ်နာစေခြင်း၊ တရားမဝင် ကုန်ပစ္စည်းများကြောင့် မှောင်ခိုရောင်းဝယ်မှု၊ အရည်အသွေး ပြည့်မီမှုမရှိသည့် သွင်းကုန်ပစ္စည်းများမှတစ်ဆင့် ပြည်တွင်းသုံးစွဲသူများအတွက် ထိခိုက်နစ်နာစေခြင်းအပြင် ကုန်ဈေးနှုန်းကမောက်ကမဖြစ်စေခြင်းနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင် စွမ်းကိုလည်း လျော့ကျစေခြင်း၊ ၎င်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေ ခြင်းနှင့် ကုန်ထုတ်စွမ်းအားလျော့ကျခြင်း၊ ပို့ကုန်လျော့ကျခြင်း စသည့်ပြဿနာများကို ဖြစ်စေသည်အထိ စဉ်းစားသုံးသပ်ပြီး သက်ဆိုင်ရာအထူးအဖွဲ့များအလိုက် ထိထိမိမိဖမ်းဆီးဖော်ထုတ်ကြရန် တိုက်တွန်းလိုကြောင်း။
သတင်းပေးကိစ္စနှင့် ပတ်သက်ပြီးလာရောက် သတင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သတင်းလာရောက်ပေးသည့် သတင်းများကိုလည်း မှန်/မမှန် မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများနှင့် အလေးထားစဉ်းစားဆုံးဖြတ် ဆောင်ရွက်ကြစေလိုကြောင်း၊ သတင်းပေးသည့် သူများကိုလည်း နိုင်ငံတော်မှ ထိုက်တန်စွာ ဆုချီးမြှင့်မှုများ ဆောင်ရွက်လျက်ရှိရာ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှ သတင်းပေးသည့် သက်ဆိုင်ရာနယ်မြေရှိ တာဝန်ရှိသူများထံ သတင်းမပေးဘဲ ဦးဆောင် ကော်မတီသို့ သတင်းပေးခြင်းသည် အဆိုပါနယ်မြေရှိ တာဝန်ရှိသူများကို ယုံကြည်မှုလျော့နည်းမှုကြောင့် ဖြစ်သည်ကို ထင်ရှားစွာတွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့မဖြစ်စေရေး တရားမဝင်ကုန်သွယ်မှုတားဆီးရေးတွင် အဓိကအရေးပါသည့် သတင်းပေးသူများ ယုံကြည်မှုမပျက်စီးစေရေးကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ရေးယူသင့်သည်များကိုလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်
နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက် မှုမရှိစေရေး ကြပ်ကြပ်မတ်မတ် ဖမ်းဆီးတိုက်ဖျက်ရေးနှင့် ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးညီမျှမှုရှိစေရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်သွားရန် လိုကြောင်း၊ သက်ဆိုင်ရာဝန်ထမ်းများ၏ ယုံကြည်ချက်ခံယူချက်များအား ပြုပြင်သင့်သည်များကို ပြုပြင်ပေးပြီး အရေးယူသင့်သည်များကိုလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားရန်လိုကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုကိစ္စများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးလိုသည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဦးဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ထူးခြားဖမ်းဆီးရမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ထွန်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးထွန်းအုံ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တရားမဝင် ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ရှောင်ကွင်းလမ်းကြောင်းများ၌ ပိတ်ဆို့တားဆီးရှာ ဖွေစစ်ဆေးခဲ့မှုအခြေအနေ၊ တရားမဝင်ထိန်းချုပ်ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ သစ်များ၊ ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ဖမ်းဆီးရမိမှု၊ အဆိုပါ ဖမ်းဆီးရမိမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှု၊ အဆိုပါဖမ်းဆီးရမိသည့် ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
Posted on Jul 31, 2025ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 31, 2025စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 31, 2025တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း