နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေး၊ တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေး၊ တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 02, 2025

နေပြည်တော် ဩဂုတ် ၂
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ အရာရှိ၊ စစ်သည်များ မိသားစုများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်၊ သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အေးချမ်းဖြိုးခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်/ ဌာနချုပ်များအနေဖြင့် အချိန်အခါအလိုက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားများသည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ တပ်မတော်မှပေးအပ်သည့် တာဝန်များကို စဉ်ဆက်မပြတ်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေးအရ၊ တိုင်ရင်းသားရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှ ကျားကုတ်ကျားခဲ ကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေး ရရှိခါစကပါလီမန်စနစ်ကိုကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကပိုင်းဆိုင်ရာများတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ညီညွတ်မှုများ ပျက်ပြားလာခဲ့ကြောင်း၊ ပြည်ပနိုင်ငံများက အားပေးကူညီလုပ်ဆောင်ခဲ့သည့် မှောင်ခိုစီးပွားရေးများကြောင့်လည်း ပြည်တွင်းစီးပွားရေးကို ထိခိုက်ကျဆင်းစေခဲ့ပြီး တိုင်းပြည်၏ သယံဇာတများကိုလည်း ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲမှုများ များပြားကြောင်း၊ အလားတူ ရာသီဥတုဖောက်ပြန်မှုများကြောင့်လည်း စားရေရိက္ခာများ ရှားပါးမှုပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ နိုင်ငံအတွင်း အခက်အခဲအကြပ်အတည်းများ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း။
ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ရေးဆွဲ၍ ပြည်သူ့ဆန္ဒခံယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းစေခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် တိုင်းပြည်ကို အကျိုးပြုသည့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ရန်လိုကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ အများပြည်သူအတွက်အကျိုးရှိမည့် စီးပွားရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ပိုမိုအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများ နည်းပါးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားလုံးတစ်ပြေးညီဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ဆောင်ရွက်လျက်ရှိသည့်အဖွဲ့များအားလုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ သို့သော် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှ သွေးထိုးပေးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ခြင်းမရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်မှ နိုင်ငံတာဝန်ယူခဲ့သည့်အချိန်တွင် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်မှုများရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာရေးပိုင်းဆိုင်ရာအားနည်းချက်များရှိခြင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများကြွယ်ဝပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်ခြင်းများကြောင့် နိုင်ငံတော်၌ ပညာရေးအားနည်းမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ အတန်းပညာရှိမှသာ အတတ်ပညာများ ပိုမိုတတ်မြောက်လာမည်ဖြစ်ပြီး မိမိတို့ဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏သားသမီးများ ပညာတတ်လူငယ်များဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာအတန်းအလိုက် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး တွေးခေါ်မျှော်မြင်မှုမြင့်မားသည့် ပညာတတ်လူငယ်များ ပိုမိုများပြားလာပါက နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
ဒီမိုကရေစီဒုတိယအစိုးရ NLD အစိုးရသက်တမ်းကာလတွင် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ပြီး ၎င်းတို့ပါတီအာဏာရရှိရေး ဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါမဲမသမာမှုအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အနေဖြင့် အကြိမ်ကြိမ်အသိပေးအကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ စီးပွားရေးတို့တွင် တစ်ပြေးညီ တည်ငြိမ်တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများကိုလည်း တည်ငြိမ်ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာပြီး မှန်မှန်ကန်ကန်ဖြင့် သုံးသပ်ဆောင်ရွက်၍ နိုင်ငံကောင်းအောင်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့်တပ်များဖြစ်အောင် ပီပီပြင်ပြင်ဖြင့်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည်မိသားစုများ၏ သက်သာချောင်ချိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါးများနှင့် ဥများကို ပြင်ပသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်းကြောင့် ဈေးကွက်တည်ငြိမ်မှုကို တတ်နိုင်သမျှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဇနီးသည်လည်း ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Posted on Aug 2, 2025